နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ဦးဆောင်သော မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ကို တွေ့ဆုံရန် ဖိတ်ခေါ်ကြောင်း UWSA ပြင်ပ ဆက်ဆံရေး ဌာန ကြီးမှူး ဦးကျောက်ကော်အန်း က ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) ခေါင်းဆောင်များနှင့် UWSA ဦးဆောင်သော မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော် Horizon Lakeview Hotel တွင် မေလ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော တံခါးပိတ် ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများကို ပြောဆိုခြင်းဖြစ်သည်။
ဦးကျောက်ကော်အန်း က “ဒေါ်အောင်ဆန်းစုကြည် ကတော့ အချင်းချင်း ဆက်ဆံမှုကို ပိုပြီး နက်ရှိုင်းစေနိုင်ဖို့ အတွက် ကျနော် တို့ကို အိမ်ပြန်ရောက်ရှိ လာတဲ့ ခံစားချက်မျိုး ပေးစေချင်တဲ့ ဆန္ဒရှိတဲ့ အတွက်ကြောင့် မလို့ သူမရဲ့အိမ်ကို ကျနော်တို့ကို ဖိတ်ကြား ပါတယ်” ဟု ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့ မြောက်ပိုင်း ၇ ဖွဲ့အကြား အချင်းချင်း ရင်းနှီးသည့် ဆက်ဆံရေးရရှိရန်၊ ယုံကြည်မှု ပိုမို တိုးမြှင့်ရန် အတွက် တွေ့ဆုံရန်သာ ရည်ရွယ်ထားပြီး ၎င်းတို့ကြုံတွေ့နေရသော ပြဿနာ ကိစ္စရပ်များအရေး ထဲထဲဝင်ဝင် ဆွေးနွေးဖြစ်မည် မဟုတ်ဟုလည်း ဆိုသည်။
မြောက်ပိုင်း ၇ ဖွဲ့တွင် UWSA အပါအဝင် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား တပ်ဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် က ထိုမြောက်ပိုင်း ၇ ဖွဲ့နှင့် မေလ ၂၆ ရက်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း၊ UWSA ၊ KIO ၊ SSPP၊ NDAA ၄ ဖွဲ့ကို နေ့လယ်ပိုင်းတွင် ပထမ တွေ့ဆုံမည် ဖြစ်ကြောင်း၊ ထို့နောက် ကျန် ၃ ဖွဲ့ ဖြစ်သော MNDAA ၊ AA နှင့် TNLA တို့ကို ဆက်လက် တွေ့ဆုံမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးကလည်း ဧရာဝတီ ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
ထို့အပြင် KIO အကြီးအကဲ တဦးဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဗန်လ နှင့် ဇနီးကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နေ့လယ်စာ ဖြင့် ဧည့်ခံမည်ဟု ဆိုသည်။
ယနေ့ တံခါးပိတ်ဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည်တို့ တက်ရောက်ခဲ့ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးမှု တွင် တိုးတက်မှုများ ရှိသည်ဟု ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
ဒေါက်တာ တင်မျိုးဝင်း က “သူတို့ဘက်ကလာတာလဲ ကျနော်တို့က ကျေးဇူးတင်တယ်။ ဝင်ရောက် ဆောင်ရွက်ပေးတဲ့ တရုတ် တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်တယ်။ တွေ့ရတယ်။ စကားပြောရတယ်။ အဓိက ကတော့ ယုံကြည်မှုပဲ။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် မျက်နှာချင်းဆိုင် စကားပြောတယ်” ဟု နှစ်ဘက်ဆွေးနွေးပွဲ အပြီးတွင် သတင်း မီဒီယာများကို ရှင်းပြသည်။
Peace Commission နှင့် ဆုံတွေ့ချိန်တွင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက်နှင့် ပတ်သက်ပြီး တောင်းဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့၏ ယခုတကြိမ် နေပြည်တော် ရောက်ရှိလာရာတွင် အစိုးရ တပ်မတော်နှင့် လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေ သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သုံးဖွဲ့ဖြစ်သည့် TNLA၊ MNDAA နှင့် AA တို့ပါ တက်ရောက်ခွင့် ရရှိတာကြောင့် ကြီးမားသော အောင်မြင်မှုဖြစ်သည်ဟု ဆိုသည်။
အလားတူ TNLA၊ MNDAA နှင့် AA တို့လိုက်ပါလာနိုင်ခြင်း မရှိလျှင် ၎င်းတို့ အားလုံး လာရောက်ဖြစ်မည် မဟုတ် ကြောင်း အဆိုပါ သုံးဖွဲ့အား ပါဝင်လာနိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှု အပါအဝင် လုံခြုံရေး ဆိုင်ရာ အာမခံချက်များ ပေးခဲ့သော တရုတ် အစိုးရကို ကျေးဇူးတင်ကြောင်း ဦးကျောက်ကော်အန်း က ပြောသည်။
ယခုတကြိမ် နေပြည်တော် ခရီးစဉ်သည် လက်တွေ့ကြုံနေရသော ပြဿနာများကို ဆွေးနွေးနိုင်မှု မရှိသော်လည်း အဆက် အသွယ်အရရော၊ ဆက်ဆံရေးများ ကောင်းမွန်လာနိုင်သည့်အတွက် အောင်မြင်မှုတခုလည်း ဖြစ်သည်ဟု ဆိုသည်။
“အခုဒီတကြိမ် ပထမဆုံး အကြိမ်အဖြစ် အစကောင်းခဲ့ပြီ၊ နောက်ပိုင်းမှာဆိုလို့ရှိရင်လည်း ထိတွေ့ဆက်ဆံဖို့အတွက် ပိုပြီး လွယ်ကူသွားမှာ ဖြစ်ပါတယ်” ဟု ဦးကျောက်ကော်အန်း က ပြောဆိုသည်။