ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်တွင် ခိုလှုံနေကြသည့် စစ်ပြေးဒုက္ခသည်များ မိမိတို့နေရပ်ကို ပြန်လိုကြသော်လည်း ဒေသတွင်း စစ်ရေးတင်းမာမှု အခြေအနေများကြောင့် အိမ်ပြန်ရန် အခက်ကြုံနေကြကြောင်း သိရသည်။
ဒုက္ခသည်များကို ကူညီပေးနေသည့် နမ္မတူမြို့ခံဖြစ်သူ စိုင်းခမ်းမန်းက “နမ္မတူမြို့နဲ့ ၃ မိုင်လောက်ပဲ ဝေးတဲ့နေရာမှာ သုံးဖွဲ့စလုံး စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေကြတော့ ရွာသားတွေ အိမ်မပြန်ရဲကြဘူး။ သုံးပွင့်ဆိုင် ဖြစ်လာနိုင်တဲ့ အနေအထားပါ။ အစိုးရတပ်တွေလည်း ဒီရက်ပိုင်းမှာ လုံခြုံရေးအများအပြား ချထားတာတွေ့ရတယ်” ဟု ဧရာဝတီကို ပြောသည်။
နမ္မတူမြို့နယ်အတွင်း၌ အစိုးရတပ်မတော်၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA )နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA ) တပ်များ ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှု အသီးသီးလုပ်ဆောင်နေမှုကြောင့် တိုက်ပွဲများဖြစ်လာနိုင်ခြေ ရှိနေကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။
နမ္မတူမြို့ပေါ်တွင် ဒုက္ခသည်စခန်း ၄ ခု ရှိပြီး ခိုလှုံနေကြသည့် စစ်ရှောင်ဒုက္ခသည် စုစုပေါင်း ၆၅၀ ကျော်ရှိကြောင်းနှင့် ၎င်းတို့၏ စားဝတ်နေရေးအတွက် လူမှုအဖွဲ့အစည်းများက ထောက်ပံ့ကူညီပေးသည့် ရိက္ခာများကို မျှဝေပေးနေရကြောင်း စိုင်းခမ်းမန်းက ပြောသည်။
စစ်ဘေးရှောင်ဒုက္ခသည် အများစုသည် နမ္မတူနှင့် မန်တုံမြို့နယ်တို့မှဖြစ်ပြီး၊ ကျောင်းနေအရွယ် ကလေးများ ပါဝင်နေသဖြင့် ကလေးတချို့ကို စာသင်ကြားပေးနိုင်ရန် ဒုက္ခသည်စခန်းတွင် စီစဉ်နေပြီး၊ ကလေးအများစုမှာ ကျောင်းတက်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။
ဒုက္ခသည်များကို နမ္မတူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းတို့တွင် နေရာချထားပေးပြီး၊ ရေရှည်တွင် စားဝတ်နေရေးအခက်အခဲ ရှိလာနိုင်သည်ဟု နမ္မတူမြို့နယ် စစ်ဘေးရှောင်စခန်း ကော်မတီ ဒုဥက္ကဌ ဦးစိုင်းဘဉာဏ်က ဧရာဝတီကို ပြောသည်။
“ လက်ရှိမှာတော့ လူမှုအဖွဲ့တွေက ကူညီပေးထားတဲ့အတွက် စားဝတ်နေရေး အဆင်ပြေတယ်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကလည်း ကူညီဖို့ ပြောထားတယ်။ ဒါပေမယ့် ရေရှည်မှာဆိုရင် အခက်အခဲ ရှိလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
မန်တုံမြို့နယ်အခြေစိုက် အစိုးရတပ်မတော်၏ တပ်မ ၈၈ လက်အောက်ခံတပ်များနှင့် TNLA တပ်ဖွဲ့တို့အကြား မေလ ၂၂ ရက်က မန်တုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။