ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အခွန်ဦးစီးဌာနမှ တောင်းခံသည်ဆိုသည့် အခွန်ပေးဆောင်ရန် စာတစောင်နှင့် ကျည်ဆန် တတောင့်စီအား ဟိုတယ်နှင့် ကုမ္ပဏီ ၁၀ ခုက လက်ခံရရှိထားသည်ဟု သတင်းရရှိသည်။
လားရှိုးမြို့ ဟိုတယ်တခုမှ တာဝန်ရှိသူတဦးက “သူတို့က ဆက်ကြေး၊ အခွန်အမြဲကောက်ပါတယ်။ သူတို့ မဟုတ်ဘူး လို့ မီဒီယာကိုတော့ ငြင်းရင် ငြင်းလိမ့်မယ်။ ပေးနိုင်တဲ့ သူ ရှိသလို အမြဲမပေးနိုင်တဲ့ မပေးချင်တဲ့ သူလည်း ရှိတယ်။ ဆယ်ဂဏာန်းကနေ ရာဂဏာန်းလောက် တောင်းတာကိုး။ ဒီတခေါက်မှ စာတွေက ဘာလို့ ပြန့်သွားလည်း ကျနော် လည်း မသိဘူး”ဟု ပြောသည်။
အဆိုပါစာများကို လူ နှစ်ဦးက ဆိုင်ကယ်ဖြင့် မေလ ၂၃ ရက်နေ့က လိုက်လံပေးပို့သွားခြင်း ဖြစ်သည်ဟု သိရသည်။
အခွန်တောင်းစာများတွင် မေလ ၂၂ ရက် ရက်စွဲတပ်ထားပြီး အခွန်များကို မေလ ၂၄ ရက်တွင် နောက်ဆုံး ထား၍ ပေးဆောင်ရန် ညွှန်ကြားစာ ရရှိကြောင်း၊ သတင်း ရေးသားရာတွင် ၎င်းတို့ ဟိုတယ်အမည်များကို သတင်းတွင် ထည့်သွင်း မရေးသားရန်လည်း လားရှိုးမြို့ ဟိုတယ်တခုမှ တာဝန်ရှိသူ က ဧရာဝတီကို ပြောဆိုသည်။
TNLA က ဆိုပြီး ပေးပို့ထားသည့် စာထဲတွင် သတင်း ပေါက်ကြားမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုး ပြဿနာများ မဖြစ်ပွား စေရန်၊ အထူးသတိပြုရန်ဟု ရေးသားထားသည်။
TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “အဲ့ဒါကတော့ ဘယ်သူ့ လက်ချက်လဲ ဆို တာ ကျနော်တို့က မေးမြန်းနေတုန်း စိစစ်နေတုန်း ရှိသေးတယ်။ ကျနော်တို့ တံဆိပ်တုံး မပါဘူး။ ဒီစာတွေမှာ ကျနော် တို့ Letterhead မပါဘူး။ ပေးပို့တဲ့ စနစ်ကလည်း မဟုတ်တော့ အတုအပပဲ ဖြစ်မယ်”ဟု ဧရာဝတီကို ပြောသည်။
စာများကို ပေးပို့သည့် အချိန်သည်လည်း နေ့လယ်ခင်းဖြစ်နေသဖြင့် မည်သည့် လက်နက်ကိုင် အဖွဲ့ကမှ လုံံခြုံရေး အတွက် နေ့လယ်အချိန်တွင် ပေးပို့မည် မဟုတ်ကြောင်းလည်း ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောဆိုသည်။
“လူမှုကွန်ရက်မှာ တက်တာ ပြန်ကြည့်မယ်ဆိုရင် လုံခြုံမှုအပိုင်းကို ပြန်ကြည့်ရင် ကုမ္ပဏီ၊ ဟိုတယ်တွေ ရက်စွဲတွေ နာမည်တွေ အကုန်ပါလာတယ်ဆိုတော့ အစစ်လား အတုလား နည်းနည်းခွဲခြားဖို့တော့ လိုတယ်”ဟုလည်း ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဆိုသည်။
လားရှိုးမြို့ရှိ ဟိုတယ်နှင့် ကုမ္ပဏီက ၁၀ခု ရရှိထားသည့် စာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသအတွင်း စီးပွားရေး လုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော ကုမ္ပဏီ များသည် TNLA အခွန် ဦးစီးဌာနမှ ကောက်ခံ သော ရန်ပုံငွေများ ထည့်သွင်းမှသာလျှင် လုပ်ငန်းဆက်လက် ဆောင်ရွက်ခွင့် နှင့် လိုအပ်သော လုပ်ငန်း စောင့်ရှောက် မှု များ ပြုပေးမည်ဟုလည်း ရေးသားထားသည်။
TNLA အခွန်ဦးစီးဌာနမှ အခွန်လာပေးဆောင်ရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် ကောက်ခံသော်လည်း ဆင်ခြေ အမျိုးမျိုး၊ အကြောင်းပြချက်အမျိုးမျိုး ပေးပြီး ယနေ့ထိ လာရောက်ပေးခြင်း ပျက်ကွက်နေကြောင်း၊ သတ်မှတ်ကောက် ခံ ထားသည့် ငွေကို မေလ ၂၄ ရက် နောက်ဆုံးထားပြီး အမြန်ဆုံး လာရောက်ပေးသွင်းရန် သတိပေးကြောင်းလည်း ထိုစာထဲတွင် ရေးသားထားသည်။
စာထဲတွင် ဆက်သွယ်ရန် ဖုန်း ၀၉ -၇၆၃၄၂၅၀၂၀ နှင့် ၀၉ – ၇၃၂၂၃၂၇၈ ကို ဆက်သွယ်ပါဟု ရေးထားပြီး စာ၏ အောက်တွင် TNLA အခွန်ဦးစီးဌာန လားရှိုးလှုပ်ရှားအဖွဲ့ မိုင်းနောဇား ဟု ရေးကာ လက်မှတ် ထိုးထားသည်။
လားရှိုးမြို့ အမှတ်(၂) ရဲစခန်းမှ တာဝန်ရှိသူတဦးက “ဆက်ကြေးကောက်တာနဲ့ ပတ်သက်ပြီး ကျနော်တို့ တိုင်စာ ရတာ မရှိပါဘူး။ အခုလို ဆက်ကြေးကောက်တယ်ဆိုတာလည်း ကျနော်တို့ သိထားတာ လာတိုင်တာမျိုး မရှိသေး ပါဘူး”ဟု ပြောပြသည်။
ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ထိုဟိုတယ်များသို့ ပေးပို့သည့် စာမှာ ၎င်းတို့ စာ မဟုတ်နိုင်ကြောင်း ပြောဆိုပြီး TNLA မှ ရှမ်းပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင် တချို့ထံ အခွန်ကောက်ခံခြင်းနှင့် အကူအညီ တောင်းခံခြင်းများ ရှိသော် လည်း ကောက်ယူသည့် ပုံစံနှင့် အခွန်ပေးဆောင်သည့် သူများ အမည်ကို ထုတ်ဖော်ပြောမည် မဟုတ်ဟု ပြောသည်။
မေလ ၂၄ရက် မနက်ပိုင်းကလည်း နောင်ချိုမြို့နယ် ဟိုုခိုရွာအတွင်း TNLA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ခရီးသွား လာနေသည့် ကား၊ ဆိုင်ကယ်များကို ရပ်တန့်ခိုင်းကာ သော့များ သိမ်းခြင်း၊ ကားဒရိုင်ဘာများကို ခေတ္တ ထိန်းသိမ်း ထားခြင်းများ ပြုလုပ်ကြောင်း ဟိုခိုရွာ ဒေသခံများက ဧရာဝတီကို ပြောဆိုကြသည်။
ဟိုခိုရွာတွင် နေထိုင်သည့် ဦးကျော်မင်းက “မနက် ၄နာရီလောက်မှာ ပလောင်စစ်သားတွေ ဝင်လာတာပါ။ လမ်းသွား တဲ့ လူတွေကို စစ်တယ်။ ကားတွေ ခဏသိမ်းတယ်။ ဆိုင်ကယ်နဲ့ တယောက်က မရပ်ပေးလို့ ပစ်လိုက်တယ်။ ထိလား ဘာဖြစ်သွားလဲတော့ ကျနော် အခု မသိသေးပါဘူး”ဟု ပြောပြသည်။
ဟိုခိုရွာအနီး TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာမှု ရှိသော်လည်း ဒေသခံများအပေါ် အခွန်ကောက်ခံခြင်း၊ ပစ်ခတ် ခြင်းများကို TNLA က မပြုလုပ်ကြောင်း ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ငြင်းဆိုသည်။
လက်ရှိတွင် TNLA နှင့် တပ်မတော်သည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာမှုများ ရှိနေ သည်ဟုလည်း ပြောသည်။
TNLA သည် အစိုးရ၏ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူညီမှု စာချုပ် (NCA) ကို လကမှတ် ထိုးထားခြင်း မရှိပါ။
TNLA က NCA ကို ငြင်းပယ်ပြီး ပန်ခမ်းစတုတ္ထအကြိမ် အစည်းအဝေးတွင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် များ စုပေါင်း ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင် ပါဝင်ပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးနိုင်ရန် တောင်းဆိုထားသည်။
နေပြည်တော်တွင် မေလ ၂၄ ရက်မှစ၍ ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်းအဝေးကို အထူးဖိတ်ကြားသူအဖြစ် ဖိတ်ကြားခံရသဖြင့် TNLA ခေါင်းဆောင်များက လက်ရှိတွင် ညီလာခံ တက်ရောက်နေသည်။