သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ကျောက်စိမ်းလည်စွဲ လူပြောများနေ

ရွေးကောက်ပွဲ မဲဆွယ်ပွဲများမှအစ ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် တွေ့ဆုံခြင်းအလယ်၊ နိုင်ငံတော် ညစာစားပွဲများ အထိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာ အားလုံး၏ စူးစမ်းသော အကြည့်များ အောက်တွင် ရောက်နေပါသည်။ သူ၏ လှုပ်ရှားမှုတိုင်းကို ကင်မရာများဖြင့် မှတ်တမ်းတင်ကြသည်။ ပြောသမျှ စကားလုံးတိုင်းကိုလည်း အသေးစိတ် အနက်ကောက်ယူကြသည်။ အဝတ်အစား ပုံစံ၊ အရောင်ရွေးချယ်မှု၊ လက်ဝတ်တန်ဆာများသည်လည်း ထောက်ခံသူ၊ ဝေဖန်သူများ၏ ငေးမောကြည့်ရှုံရခြင်းမှ လွတ်ကင်းခြင်း မရှိပါချေ။

ရိုးရာဆန်ပြီး အရောင်အသွေးစုံလှသည့် မြန်မာဝတ်စုံများကို ရွေးချယ်တတ်ခြင်း အတွက် ကျော်ကြားလှသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန်မှ စတင်၍ ဖက်ရှင် ပြယုဂ်သဖွယ် ဖြစ်နေခဲ့သည်။ သူ၏သွင်ပြင်မှာ ရိုးရှင်းကျက်သရေရှိခြင်းသာ ဖြစ်သည်။ အခြား ငွေကြေးတတ်နိုင်သော အမျိုးသမီးများနှင့် မတူ သူသည် ရွှေ သို့မဟုတ် ကျောက်မျက် လက်ဝတ်ရတနာများကို ဝတ်ဆင်ခဲလှသည်။

ဗုဒ္ဓဟူးနေ့ကမူ အသက် ၇၁ နှစ် အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည် သည် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံစတင်သည့် အထိမ်းအမှတ် ညစာစားပွဲ တက်ရောက်ရန် နေပြည်တော်မှ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ ၏ ခန်းမ အတွင်းသို့ ဝင်ရောက်လာသည်။ ထိုအခမ်းအနားအတွက် ပန်းသခွားရောင် လက်ရှည်အကျႌနှင့် လုံခြည်ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ အခမ်းအနားတက်ရောက်နေကျ သူ့စတိုင်ဖြစ်သည့်အတိုင်း ဆံကေသာတွင် ပန်းပန်ထားပါသည်။ သူသည် ထိုနေ့က စပယ်နှင့် နှင်းဆီပန်းများကို ပန်ဆင်ထားပါသည်။

သို့သော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ပွဲတက်ဓာတ်ပုံများ ဖေ့စ်ဘုတ်တွင် ပျံ့လာသောအခါ အများဆုံး အာရုံစိုက် ခံရသည်မှာ သူ၏ လည်ဆွဲ ဖြစ်နေသည်။ ထိုလည်ဆွဲသည် ယခင် သူ ဝတ်ဆင်နေကျ လည်ဆွဲများထက် အများသတိထားမိလောက်အောင်ကို ကြီးမားနေပြီး ကျောက်စိမ်းပုတီးများနှင့် ပြုလုပ်ထားသည်။

“ပုံမှန်အားဖြင့် လူတွေက ပန်းသခွားရောင်ဆို ခရမ်းဆွဲ ကျောက်တွေနဲ့ တွဲပြီး ဝတ်တာများတယ်။ သူက ကျောက်စိမ်းနဲ့ တွဲပြီး ဝတ်လိုက်တော့ အမြင်ဆန်းပြီး အသစ်အဆန်း ဖြစ်သွားတာပေါ့” ဟု မန္တလေးမှ ဖက်ရှင်ဒီဇိုင်းပညာရှင် ကိုမျိုးမင်းစိုးက ပြောသည်။ ထိုသို့ ဝတ်ဆင်ခြင်းကြောင့် ကျောက်စိမ်း လက်ဝတ်ရတနာများ ပြန်လည် ဆန်းသစ်လာနိုင်သည် ဟုလည်း သူက ပြောသည်။ “မနေ့ညက သူ့ရဲ့ ပုံစံကို ကြည့်လိုက်ရင်အားလုံးက လည်ဆွဲကိုပဲ အာရုံရောက်သွားမှာ။ အဲဒီလိုလည်ဆွဲအကြီး ဝတ်တာက ၄၀- ၅၀ တန်း အမျိုးသမီးတွေကြားမှာ အခု ရေပန်းစားနေတာ” ဟု ဆိုသည်။

အချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျောက်စိမ်းလက်ဝတ်ရတနာ ဝတ်ဆင်ခြင်းသည် ရှက်ဖွယ်ဖြစ်သည် ဟု Facebook ပေါ်တွင် ဝေဖန်ကြသည်။ ကျောက်စိမ်းသည် မြန်မာစစ်တပ်နှင့် ဒေသခံလူမျိုးစု လက်နက်ကိုင်အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော်တို့ အကြား တိုက်ပွဲများကြောင့် လူထောင်ပေါင်း များစွာ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေုကြသော ကချင်ပြည်နယ်မှ အများဆုံးထွက်သည်။ ထိုပြည်နယ်သည် ဒေါ်လာ ဘီလီယံ ဆယ်ပေါင်းများစွာတန် ကျောက်စိမ်းများကို နှစ်စဉ် တရားမဝင် ခိုးထုတ်နေသည့် ယခင်စစ်ဘက် အရာရှိဟောင်းများ၊ ဘိန်းဘုရင်များနှင့် ခရိုနီ ကုမ္ပဏီများလုပ်ကိုင်နေသည့် ကျောက်စိမ်းတွင်း အများအပြားရှိရာ ပြည်နယ် ဖြစ်သော်လည်း ဒေသခံအများစုမှာ ဆင်းရဲနွမ်းပါးစွာဖြင့် နေထိုင်နေကြရသည်။

ဖေ့စ်ဘုတ် သုံးစွဲသူတဦးက ဒေါ်အောင်ဆန်းစုကြည် ကို စတိုင်ကျလှပသူ ဟု ဆိုထားသော်လည်း ယခုလို ကျောက်စိမ်း လည်ဆွဲကိုမူ “မြင်ရတာ စိတ်မချမ်းသာဘူး” ဟု ရေးသည်။

အခြားတဦးကမူ ကျောက်စိမ်းလည်ဆွဲကို ကျက်သရေရှိကြောင်း ပြောသော်လည်း “ကျောက်စိမ်း ဆိုတိုင်း ရေမဆေး ကျောက် ရှာသူတွေပဲ ခေါင်းထဲပေါ်ပေါ်လာတယ်” ဟု ကျောက်စိမ်းကုမ္ပဏီများက စွန့်ပစ်သော မြေဇာပုံများတွင် အသက်ရင်း၍ ကျောက်စိမ်းရှာရသူ ထောင်ပေါင်းများစွာကို ရည်ညွှန်းရေးသားသည်။

ဝေဖန်မှုများ ရှိစေကာမူ ထို ကျောက်စိမ်းလည်ဆွဲသည် မည်သည့် နေရာမှ လာသည်၊ တန်ဖိုးကြီးသော လက်ဆောင် ဖြစ်သည် သို့မဟုတ် ဈေးပေါသော ကျောက်စိမ်းများဖြင့် လုပ်ထားသော လက်ဝတ်ရတနာ ဖြစ်သည်ကို ဒေါ်အောင်ဆန်းစုကြည် သာလျှင် သိပေလိမ့်မည်။ သူ၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လက်သင့်ရာကိုသာ အဆင်ပြေအောင် ဝတ်ဆင်သည်ဟု သတင်းစာရှင်းလင်းပွဲတခုတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။

ကျောက်စိမ်းလည်ဆွဲ ဝတ်ဆင်မှုသည် အခြေအနေနှင့် အချိန်အခါ ကိုက်ညီမှု မရှိဟု ဝေဖန်မှုများလည်း ရှိနေသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားသော ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲ အထိမ်းအမှတ် ညစာ စားပွဲသို့ ကျောက်စိမ်းဝတ်ဆင်လာသည့် သူ၏ ဆင်ခြင်တုံတရားကို မေးခွန်းထုတ်ကြသည်။ ထိုလူမျိုးစု လက်နက်ကိုင် အုပ်စုနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရတို့ အကြား ငြိမ်းချမ်းရေး သဘောတူညီမှု မရကြသေးဘဲ တိုက်ပွဲများကြောင့် ထောင်ပေါင်းများစွာသော နေရပ်စွန့်ခွာ ထွက်ပြေးရသူများမှာ ထိုဆွေးနွေးပွဲမှ အဖြေကို စောင့်နေကြဆဲဖြစ်သည်။

သို့ရာတွင် ပြည်တွင်းနေရပ်စွန့်ခွာ စခန်းများတွင် နေထိုင်နေကြရသူများ အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဝတ်စားဆင်ယင်မှုသည် မည်သည့် ထူးခြားမှုမျှ ရှိနိုင်မည်မဟုတ်ချေ။။ ၎င်းတို့ အများအပြားက မျှော်လင့်နေသည်မှာ သူ၏ ဉာဏ်ပညာ၊ သည်းခံနိုင်မှုနှင့် ပဋိပက္ခ ဖြစ်နေသော လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်ဆောင်ရွက်မှု တို့မှသည် နောက်ဆုံးတနေ့တွင် ၎င်းတို့ကို နေရပ်များသို့ ပြန်နိုင်စေရေးပင် ဖြစ်တော့သည်။

(www.irrawaddy.com တွင် ဖော်ပြထားသည့် ကျော်ဖြိုးသာ၏ Daw Aung San Suu Kyi’s Jade Necklace at Peace Dinner Raises Questions ကို ဘာသာပြန်သည်။)

Loading