ပိုင်ရှင်မဲ့ လေလွင့်ခွေးများကို အဆိပ်ချ ရှင်းလင်းသည့်စနစ်ဆိုး (လုံးဝ) အပြီးပယ်ဖျက်ပေးရန် လှုံဆော်သည့် ဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်တိုင်းအတွင်းရှိ တိရစ္ဆာန်ချစ်သူများက မေလ ၂၈ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ကာကွယ်စောင့်ရှောက်ရေးကွန်ရက်မှ ဦးသန့်ဇင်က “ ကျနော်တို့ ဖြစ်စေချင်တာက အဆိပ်ချတာ လုံးဝရပ်တန့်ပေးဖို့နဲ့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ တခြားသောနည်းလမ်းနဲ့ မျိုးထိန်းပြီး ခွေးလေးတွေ သက်တမ်းရှိသလောက် ရှင်သန်စေချင်တယ်။ အဲဒီနှစ်ချက်ကို အဓိက တောင်းဆိုသွားမှာပါ ” ဧရာဝတီကို ပြောသည်။
လမ်းဘေး လေလွင့်ခွေးများနှင့် ပတ်သက်ပြီး အဓိကတာဝန်ရှိသည့် YCDC တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန အနေဖြင့် ဘတ်ဂျက်မရှိဆိုသော အကြောင်းပြချက်ဖြင့် အဆိပ်ချရှင်းလင်းနေမှုကို လက်မခံနိုင်ကြောင်းနှင့် ယခုအခါတွင် တိရစ္ဆာန်ချစ်သူများက လက်လှမ်းမီသမျှ ကာကွယ်ဆေးထိုးပေးခြင်း၊ တားဆေးထိုးပေးခြင်းများကို ဆောင်ရွက်နေကြသည့် အပြင် ခွေးကိုက်ခံရပါက ဆေးကုသမှုများအထိ တာဝန်ယူပေးခြင်းကို တပိုင်တနိုင် ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲကို မေလ ၂၈ ရက် နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး၊ လူဦးရေ ၂၀၀ ခန့် ပါဝင်ဆန္ဒ ထုတ်ဖော်ကြမည် ဖြစ်သည်။
လေလွင့်ခွေးများကို အဆိပ်ချသတ်ရန် တရားဝင်ခွင့်ပြုထားသကဲ့သို့ ဆောင်ရွှက်နေသည့် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်ရန် လိုအပ်ပြီး ထိုသို့ပြင်ဆင်ရန်အတွက် တိရစ္ဆာန်ချစ်သူ လက်မှတ် ၁၀၀ ကျော်ဖြင့် တာဝန်ရှိသူများထံ တင်ပြထားကြောင်း ဦးသန့်ဇင်က ဆိုသည်။
လေလွင့်ခွေးများ ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ပေးနေသည့် မဝေဝေမိုးက “နိုင်ငံတိုင်းမှာ အဆိပ်ချရှင်းတာတွေ မရှိတော့ဘူး။ ကျမတို့ ဗုဒ္ဓဘာသာနိုင်ငံမှာ ဒီလိုရှင်းနေတာ အင်မတန်မှ အရုပ်ဆိုးစေတယ်။ နိုင်ငံတော် တာဝန်ရှိသူတွေ၊ တိရစ္ဆာန်ချစ်သူ/ မချစ်သူတွေရယ် ပူးပေါင်းပြီး ကာကွယ်ဆေးထိုးပေးခြင်း၊ မျိုးထိန်းချုပ်ပေးခြင်းနဲ့ အချိန်တခုအထိ စောင့်ပေးသင့်တယ်။ ကိုက်တဲ့ခွေးတွေနဲ့ သားသည်အမေတွေကို ဂေဟာတွေကိုပို့ပြီး ရှင်းလင်းသင့်တယ်။ အစိုးရအနေနဲ့ ပြည်သူ့အသံ ခံစားချက်ကို အသိအမှတ်မပြုဘဲ အဆိပ်ဆက်ချနေမယ်ဆိုရင် အခုလို ဆန္ဒဖော်ထုတ်တာဟာ အကောင်းဆုံးပါ” ဟု ပြောသည်။
၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ အခန်း(၁၁) ပုဒ်မ ၂၆ (ဆ) တွင် ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသည့် ခွေးလေခွေးလွင့်၊ မြေကြွက်၊ ကျီးနှင့် ရောဂါပိုး သယ်ဆောင်တတ်သည့် အခြားတိရစ္ဆာန်များကို သင့်လျော်သည့် နည်းလမ်းဖြင့် အခါအားလျော်စွာ သုတ်သင်ရှင်းလင်းခြင်းဟူ၍ ပြဋ္ဌာန်းပါရှိသည်။
တောင်ဒဂုံမြို့နယ် လွှတ်တော်အမတ် ဦးညီညီက တိရစ္ဆာန်ချစ်သူများ ဆန္ဒပြုမှုနှင့် ပတ်သက်၍ “ကျနော်လည်း တာဝန်ရှိသူများကို ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ဘာ Reply မှ ပြန်မလာပါ။ ဒါကြောင့် တိရစ္ဆာန်ချစ်သူများ ဆောင်ရွက်ချက်ဟာ မမှားဘူး။ စည်ပင်တာဝန်ရှိသူများကို မေးချင်ပါတယ်။ လမ်းမပေါ်ကို ထွက်စေချင်နေတာလား ဆိုတာပါ” ဟု ပြောသည်။
YCDC တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ခွေးရူးရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် မျိုးဆက်ပွား လျော့ချထိန်းချုပ်ခြင်း လုပ်ငန်းများကို ၂၀၁၄ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဌာန၏ဘတ်ဂျက်အရ ၁ နှစ်လျှင် ခွေးအကောင်ရေ ၂၀၀ သာ ပြုလုပ်နိုင်သဖြင့် ရန်ကုန်မြို့ရှိ ခွေးလေခွေးလွင့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက ထိရောက်မှုမရှိကြောင်း ယင်းဌာန၏ လက်ထောက်ဌာနမှူးက ဧရာဝတီကို ပြောဆိုခဲ့သည်။