သတင်း

ထီဆုများ တိုးမြှင့်ပေးတော့မည်

Want create site? Find Free WordPress Themes and plugins.

လေးကြိမ်မြောက် ရောင်းချမည့် ကျပ်သိန်း ၁သောင်းတန် ထီလက်မှတ်များတွင် ထီဆုမဲအရေအတွက်နှင့် အက္ခရာများ တိုးထုတ်ပြီး ယင်းထီ လက်မှတ်များကို ဇွန်လ ၁ ရက်နေ့တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထီဆု အရေအတွက် တိုးမြှင့်ခြင်းမှာ ယခင်က ထီအက္ခရာ ၃၆ လုံး ရောင်းချခဲ့ရာမှ ယခု ဇွန်လမှ စတင်ပြီး ထီအက္ခရာ ၄၄ လုံးခန့် တိုးထုတ်ရောင်းချမည်ဖြစ်၍ အက္ခရာ ၈ လုံး တိုးလာသောကြောင့် ဆုအရေအတွက် တိုးလာခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန မြန်မာ့အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောသည်။

ဦးထွန်းထွန်းအောင်က “အခု ဇွန်လ ၁ ရက်နေ့မှာ ရောင်းချမယ့် ထီကနေ အက္ခရာ ၄၄ လုံးလောက် ရောင်းချမယ်။ ဆုမဲတွေကို တိုးမြှင့် ထုတ်ဝေပေးမယ်။ အခု ဖွင့်မယ့် ၃ ကြိမ်မြောက် ထီအထိ သိန်း ၁ သောင်းဆုက ၁ ဆု၊ ကျပ်သိန်း ၅ ထောင်ဆုက ၁ဆုနဲ့ ကျပ်သိန်း ၁ ထောင် ဆုက ၁ ဆု ပဲပေးတယ်။ အဲဒီတော့ တဖြောင့်ကြီး ဖြစ်နေတယ်။ အခုက ပိရမစ်ပုံ ပြောင်းပေးမှာ။ အပေါ်ကနေ အောက်ကို ဆုကြေးတွေ ကားသွားတဲ့ပုံ ပြင်မှာ” ဟု ပြောသည်။

ထပ်တိုးဆုမဲအဖြစ် ကျပ်သိန်း ၅ထောင်ဆု၊ ကျပ်သိန်း ၃ထောင်ဆု၊ ကျပ်သိန်း ၁၀၀ဆုနှင့် အခြား ဆုသေးများကိုလည်း တဖြည်းဖြည်း ချဲ့ကားချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အရန်ထီတွင် ယခင်က အကြိမ်ရေမပါရှိ၍ အတုဖြစ်မည်ကို စိုးရိမ်မှုများ ရှိနေကြသည့်အတွက် ကွဲပြားမှု ရှိစေရန် အရန်ထီ၏ ကျပ် ၅၀၀ တန် ထီလက်မှတ် တံဆိပ်အပေါ်၌ (2nd)စာသား ပါရှိသော ထီလက်မှတ်များကို ဇွန်လ ၁ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခင်က အရန်ထီတွင် အက္ခရာ (ကဒ)မှ (ကအ) အထိ ၁၆လုံး ရှိရာမှ ယခု တိုးမြှင့် ရောင်းချမည့် ၄ကြိမ်မြောက်ထီတွင် (ကက)မှ (ကဖ)အထိ အက္ခရာ ၂၂ လုံး ထုတ်လုပ် ရောင်းချသွားမည်ဖြစ်သည်။

ထိုသို့ ထီဆုများ တိုးမြှင့်ပေးရာတွင် ထီအစောင်ရေ ၈၁၈၁၈ စောင်ပါရှိသည့် ထီစာအုပ်တအုပ်ချင်းစီ၏ ရောင်းရငွေကို ကျပ် ၅၀၀၀ နှင့် မြှောက်ပြီး ရရှိလာသော ငွေကြေးထဲမှ ၆၀ ရာခိုင်နှုန်းကို ထီဆုကြေးအဖြစ် ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အောင်ဘာလေ ထီရုံးက ဧပြီလ ၁ရက်နေ့တွင် စတင်ရောင်းချခဲ့သည့် ကျပ်သိန်း ၁ သောင်းတန် ထီလက်မှတ် များတွင် အရန်ထီထုတ်လုပ်မှု၌ အကြိမ်ရေမပါရှိခဲ့၍ လုံခြုံစိတ်ချမှု မရှိခဲ့ကြောင်း ထီအရောင်း ကိုယ်စားလှယ်များက ဆိုသည်။

မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်မှ အရောင်းကိုယ်စားလှယ် တဦးက “ ထီဆုမဲ အရေအတွက် တိုးတဲ့အတွက် ရောင်းအားတော့ ကောင်းလာမှာပါ။ အစောင်ရေတော့ တဖြည်းဖြည်း တိုးသွားပြီ။ ဒါပေမယ့် တချို့ထီတွေက ထွက်မယ့် အကြိမ်ရေ မပါဘူး။ ရက်စွဲမပါဘူး။ သူတို့က ရောင်းကောင်း တယ်ဆိုပြီး အပိုရိုက်ထားတဲ့ ထီတွေထုတ်ပေးတော့ အဲဒီလိုဖြစ်သွားတယ်’’ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်ပြီး “ထီတွေက အဲဒီလိုဖြစ်နေတော့ ဝယ်တဲ့သူ ကျေနပ်အောင် ရှင်းပြရတယ်။ အခု ဇွန်လ ၁ ရက်နေ့မှာ ရောင်းရမယ့် ထီက အကြိမ်ရေတွေ ပါမယ်ဆိုရင်တော့ ကောင်းတာပေါ့ ဝယ်သူကိုလည်း မရှင်းပြရဘူး။ ရောင်းတဲ့သူလည်း စိတ်မညစ်ရဘူး” ဟု ဆိုသည်။

လက်ရှိ ကျပ်သိန်း ၁ သောင်းတန် ထီလက်မှတ်များကို တစောင်လျှင် ကျပ် ၅၀၀ ခန့် ရောင်းချရမည် ဖြစ်သော်လည်း နားလည်မှုနှင့် ထီကိုယ်စားလှယ် အချို့က ဈေးအနည်းငယ်တင်၍ ရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန မြန်မာ့အောင်ဘာလေ သိန်းဆုဌာနခွဲက ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အခွန်ငွေ ကျပ် ၁၀၀ ဘီလီယံ ရရှိရန် မျှော်မှန်းထားပြီး လက်ရှိတွင် ဧပြီလအထိ ကျပ်သန်းပေါင်း ၅၈၂၇ သန်း ရရှိထားကြောင်း သိရသည်။

၃ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲအတွက် ၅၀၀ကျပ်တန် ထီအုပ်ရေ စုစုပေါင်း ၂၉၄၅၄၄၈ အုပ်ရောင်းချရာမှ ကျပ်သန်း ပေါင်း ၁၄၇၂၇ဒသမ ၂၄ ကျပ် ရရှိထားပြီး ယင်းရောင်းရငွေထဲမှ ၆၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပေးအပ် မည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading