ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစွာ ပုတ်ခတ်ရေးသားသူကို ထောင် ၆ လချ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ရက်စာမျက်နှာ(Facebook) ပေါ်တွင် ညစ်ညမ်းစွာ ပုတ်ခတ်ရေးသားသူ မစန္ဒီမြင့်အောင်အား ပဲခူးမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လကျခံစေရန် ယနေ့ အမိန့်ချမှတ်လိုက်သည်။
ပဲခူးမြို့တွင် နေထိုင်သူ မစန္ဒီမြင့်အောင်သည် ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစွာ ပြောဆို ရေးသားမှုများ ပြုလုပ်ခဲ့သဖြင့် အရေးယူ ဆောင်ရွက်ပေးရန် ပဲခူးမြို့နေ မလင်းလဲ့လဲ့လှိုင်ဆိုသူက၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့် ပဲခူးမြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တရားခွင်သို့ လာရောက်ကြည့်ရှုသူ မနီနီအောင်က “အခုအမိန့်ချပြီးလို့ အချုပ်ကားနဲ့တခါတည်း ခေါ်သွားပြီ၊ ဒီမှာ နှစ်ဖက်ဆူပူတဲ့ပုံစံလေး နည်းနည်းဖြစ်ခဲ့တယ်”ဟု ပြောသည်။
တရားရုံးက အမိန့်ချမှတ်ပြီးနောက် တရားခွင်သို့ လာရောက်နားထောင်ခဲ့ကြသည့် မစန္ဒီမြင့်အောင် အား ထောက်ခံအားပေးသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပါဝင်သည့်အဖွဲ့နှင့် တရားလိုဖြစ်သူ မလင်းလဲ့လဲ့လှိုင်အား ထောက်ခံအားပေးသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ ပါဝင်သည့် အဖွဲ့တို့အကြား အပြန်အလှန် အော်ဟစ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မစန္ဒီမြင့်အောင်ကို ပဲခူး ရဲစခန်းက ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အာမခံပေးခဲ့သည့်အတွက် ချုပ်ရက်မရှိဘဲ ပြစ်ဒဏ်ကိုကျခံရမည်ဖြစ်သည်။
မစန္ဒီမြင့်အောင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီကို အားပေး ထောက်ခံသူဖြစ်ပြီး ပဲခူးတက္ကသိုလ်တွင် ပထဝီ ဘာသာရပ်ဖြင့် ပညာသင်ကြားနေသူဖြစ်ကြောင်း သိရသည်။
အင်းစိန်အကျဉ်းထောင်တွင် ၆၆(ဃ)ဖြင့်ပင် ထောင်ဒဏ်ကျခံခဲ့ရသည့် ကြက်ဖကြီး(ခ)ကိုလှဖုန်းသည် မေလ ၂၄ရက် နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ကြိုဆိုသည့်အနေဖြင့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။