မြန်မာနိုင်ငံမှာ ပညာရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်နေတဲ့ တူရကီလူမျိုး Muhammet Furkan Sökmen နှင့် မိသားစုကို မေလ ၂၄ရက်နေ့ ညနေက ဘန်ကောက်မြို့ကို သွားရောက်ဖို့ လေယာဉ်မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
Sokmen သည် တူရကီအစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် ဘာသာရေးခေါင်းဆောင် ဖာသူလ်လာ ဂူလန် ၏ Fethullah Terrorist Organisation (FETO)မှ ဖွင့်လှစ်ထားသည့် Horizon စာသင်ကျောင်းတွင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတူရကီနိုင်ငံက ၎င်းတို့ရဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်လိုက်ခြင်း ကြောင့် Sokmen မိသားစုကို တားဆီးခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။
“ဒါက မြန်မာအစိုးရနဲ့ မဆိုင်ပါဘူး။ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေက တရားမဝင်တဲ့အတွက် သူနဲ့ သူ့မိသားစုကို ပြည် နှင်ဒဏ်ပေးခြင်းခံရပါလိမ့်မယ်။” ဟု ၎င်းကသတင်းထောက်များကို ပြောကြား ခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လက တူရကီနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် အမေရိကန်တွင် ခိုလှုံ နေသည့် ဘာသာရေးခေါင်းဆောင် ဖာသူလ်လာ ဂူလန်က နောက်ကွယ် ကြိုးကိုင်နေကြောင်း တူရကီအစိုးရက စွပ်စွဲခဲ့ပြီး နောက် ဖာသူလ်လာ ဂူလန်တည်ထောင်ထားသည့် FETÖ ကွန်ရက်နှင့် ဆက်သွယ်မှုရှိသော ကမ္ဘာတလွှားရှိ ဒါဇင်နှင့် ချီသော ကျောင်း များ၊ ကောလိပ်များ နှင့် စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်ရန် တူရကီ နိုင်ငံက ကမ္ဘာ့နိုင်ငံ အများ အပြားသို့ တောင်းဆိုခဲ့သည်။
FETÖ သည် ကမ္ဘာပေါ်ရှိ တိုက်ကြီးများမှ ကျောင်းများတွင် ကြီးမားသော ကွန်ရက်တခုကို တိုးချဲ့နေပြီး ကျောင်းများတွင် ကျောင်းသားများကို လေ့ကျင့်ပေးခြင်းမှ တဆင့် လူသစ်များ ရရှိနေသည်ဟုလည်း စွပ်စွဲမှုများလည်း ရှိနေသည်။
မြန်မာနိုင်ငံတွင်လည်း FETÖ နှင့် ဆက်သွယ်မှုရှိသော အမေရိကန်နိုင်ငံမှ အခြားကျောင်းများ နှင့် အမည်တူ ဖြစ်သည့် Horizon ကို ၂၀၀၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးတွင် ကျောင်းခွဲများထားရှိခဲ့သည်။
မကြာသေးမီက Horizon နိုင်ငံတကာကျောင်း၏ ကျောင်းခွဲ ၃ ခုကို မြန်မာအစိုးရက ပိတ်ပစ်ခဲ့သည်။
မြန်မာမီဒီယာ များ၏ ဖော်ပြချက်အရ အဆိုပါကျောင်းများကို အစိုးရက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရ သည်။ အမျိုးသားလုံခြုံရေး အတွက် စိုးရိမ်စရာများ ရှိသောကြောင့်ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ Horizon ကျောင်းများတွင် သူငယ်တန်း၊ မူလတန်းနှင့် အလယ်တန်းကျောင်းများ နှင့် အထက်တန်းကျောင်း တကျောင်းပါဝင်သည်။