နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာမှ အနာဂတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်သွားရန် လမ်းစပွင့်လာခဲ့ကြောင်း မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဘက်မှ ပြောသည်။
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် မေလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ပြီးနောက် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဇော်ရော် က တွေ့ဆုံပွဲအပြီးတွင် ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး ဇော်ရော် က “လာမယ့်ဆွေးနွေးမယ့် လမ်းကြောင်းတွေ ပွင့်လာဖို့ မျှော်လင့်ပါတယ်။ ကောင်းကောင်းမွန်မွန် ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့ ၇ ဖွဲ့ရဲ့ လိုလားတောင်းဆိုချက်ကို တင်ပြတဲ့ အခါကြတော့ ကျနော်တို့ အစီအစဉ်တခု အနေနဲ့ နောက်ပိုင်းမှာ ဆွေးနွေးနိုင်မယ့် လမ်းစတခုတော့ ပေါ်တာပေါ့” ဟု ပြောသည်။
ငြိမ်းချမ်းရေးကို သက်ရှိထင်ရှားရှိစဉ် အတူတကွ ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ကြောင်း မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ အမှုဆောင်အတွင်း ရေးမှူးချုပ် ဦးကျောက်ကော်အန်း ကလည်း ဧရာဝတီနှင့် သီးခြားတွေ့ဆုံမေးမြန်းစဉ်တွင် ပြောဆိုသည်။
ဦးကျောက်ကော်အန်း က “ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီနေ့ ကျနော်တို့အားလုံး အသက်တွေကြီးကုန်ကြပြီ ၇၀ ကျော်ကုန် ကြပြီ။ ငြိမ်းချမ်းရေးကို ရဖို့အတွက် ကျမတို့ အသက်ရှိစဉ်ကာလမှာ အတူတကွ ကျိုးစားကြပါစို့လို့ သူ့သဘောထားကို ပြောတာ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ပိုင်း အဖွဲ့များအနေဖြင့် နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး ဖွင့်ပွဲ အခန်းအနားသို့ တက်ရောက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းတို့ကြောင့် ပိတ်ဆို့နေသော ငြိမ်းချမ်းရေးဆွေးနွေးရေး လမ်းကြောင်းများ ပြန်ပွင့်ခဲ့ကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့၏ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူး တာပန်လ က ပြောသည်။
ဗိုလ်မှူး တာပန်လ က “ကျနော်တို့ PSLF/TNLA နဲ့ ပဲဖြစ်ဖြစ် မြောက်ပိုင်းက အဖွဲ့တွေနဲ့ပဲ ဖြစ်ဖြစ် လအတန်ကြာ ပေါ့လေ ပိတ်ဆို့နေတဲ့ တွေ့ဆုံဆွေးနွေးမှုက တာဝန်ရှိတဲ့သူ အချင်းချင်းတွေ့ဆုံနိုင်ဖို့ အထူးသဖြင့် အစိုးရဘက်က တွေ့ဆုံနိုင်ဖို့ က လမ်းကြောင်း မဖြစ်ပေါ်ခဲ့ဘူး။ အခု ဒါလမ်းကြောင်း စတင်ဖြစ်ပေါ်လာခဲ့ပြီပေါ့” ဟု သတင်းမီဒီယာများကို ပြောဆိုသည်။
မြောက်ပိုင်း ၇ ဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့မီ မေလ ၂၅ ရက်နေ့ ညနေတွင် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် နေပြည်တော် Horizon Lakeview Hotel တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြောက်ပိုင်း ၇ ဖွဲ့၏ ၂၀၁၇ ခုနှစ် ဧပြီလ ပန်ခန်းညီလာခံမှ ထွက်ပေါ်လာသော မူဝါဒ ရပ်တည်ချက်ဆိုင်ရာ စာတမ်းများကို ဒေါက်တာတင်မျိုးဝင်းမှ တဆင့် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့ပြီးဖြစ်သည်။
မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့သည် မေလ ၂၇ ရက်နေ့တွင် နေပြည်တော်လေဆိပ်မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကူမင်းမြို့သို့ တရုတ်အစိုးရမှ စီစဉ်ပေးသော လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြမည်ဖြစ်ကြောင်းသိရသည်။