ဂျပန် ကုမ္ပဏီအများစုက တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ခေတ်သစ်ပိုးလမ်းမ (Belt and Road) အစီအစဉ်တွင် ပါဝင်ရန် စိတ်ဝင်စားမှုမရှိကြဘဲ အခြားနိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုကြီးမားသော စီးပွားရေး အခွင့်အရေးများအဖြစ် ရှုမြင်ကြကြောင်း ရိုက်တာသတင်းဌာနမှ ပြုလုပ်သည့် စစ်တမ်းတခုအရ သိရသည်။
လစဉ်ပြုလုပ်သည့် Reuters Corporate Survey တွင် ဖြေဆိုပေးခဲ့သူ ၂၂၀ အနက်မှ ၅ ရာခိုင်နှုန်းကသာ တရုတ်နိုင်ငံ၏ စီမံကိန်းတွင် ပါဝင်မည် ဖြစ်ကြောင်း ပြောခဲ့ကြသည်။ ခေတ်သစ်ပိုးလမ်းမ (Belt and Road) အစီအစဉ်မှာ တရုတ်၊ အလယ်အာရှ၊ ဥရောပ နှင့် အခြားနေရာများကြားတွင် အခြေခံ အဆောက်အဦးများနှင့် ကုန်သွယ်ရေး လမ်းကြောင်းများ တည်ဆောက်ရန်ဖြစ်သည်။
ထိုအခွင့်အရေးအစား သူတို့က ဂျပန်နှင့် အမေရိကန် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်(FTA)၊ အာရှ နှင့် ပစိဖိတ်ဒေသနိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်(TPP) ကို အမေရိကန် မပါဘဲ ဆက်လက်ဆောင် ရွက်ခြင်း သို့မဟုတ် ရုရှားနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့က ပိုမိုကောင်းမွန်သော စီးပွားရေး အခွင့်အလမ်း ဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြသည်။
“အခြေခံအားဖြင့် ဂျပန် စီးပွားရေးလုပ်ငန်းတွေက ခေတ်သစ်ပိုးလမ်းမ စီမံကိန်း အကြောင်း မသိကြပါဘူး” ဟု Dai-ichi Life Research Institute မှ စီးပွားရေးပညာရှင် အဖွဲ့ခေါင်းဆောင် Toru Nishihama က ပြောသည်။ သူက ယခုစစ်တမ်း ၏ ရလဒ်ကို လေ့လာသုံးသပ်ခဲ့သူ ဖြစ်သည်။
“စီမံကိန်းတိုင်းက အကျိုးရှိလာမှာလား။ ဂျပန်ကုမ္ပဏီတွေက တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်တဲ့ နေရာမှာ တန်းတူ ဖြစ်ဖို့ မျှော်လင့်နိုင်မှာလား” ဟု သူက မေးခွန်းထုတ်ခဲ့သည်။ “အဖြေမရသေးတဲ့ မေးခွန်းတွေ အများကြီး ကျန်နေ ဆဲပါ။ ဒီလို အခြေအနေမျိုးမှာ ကုမ္ပဏီတွေ အနေနဲ့ စောင့်ကြည့်ဖို့က လွဲပြီးတော့ ရွေးချယ်စရာ မရှိပါဘူး”
နိုင်ငံရပ်ခြားတွင် တရုတ်နိုင်ငံ ၏ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရန် အားထုတ်မှုတခု အဖြစ် အချို့က ဝေဖန်ကြသည့် တရုတ် နိုင်ငံက ဦးဆောင်သော စီမံကိန်းနှင့် ပတ်သက်၍ အခြားသောနေရာများမှ သံသယများကို စစ်တမ်း ရလဒ်များက ဖော်ပြ နေသည်။
ပွင့်လင်း မြင်သာမှု နှင့် Belt and Road စီမံကိန်းများတွင် နိုင်ငံခြား ကုမ္ပဏီများ ပါဝင်နိုင်မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ဂျပန်နှင့် အနောက်တိုင်းတာဝန် ရှိသူ အချို့ကလည်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
သီတင်းပတ်ကုန်ရက်များ အတွင်းတွင် တရုတ်နိုင်ငံက နိုင်ငံ ၂၉ နိုင်ငံမှ ခေါင်းဆောင်များကို ဖိတ်ခေါ် စုစည်း၍ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကို ဈေးကွက်တင်ခဲ့သည်။ လွတ်လပ်သော စီးပွားရေးတခုကို တည်ဆောက်ရန် နှင့် စီမံကိန်း ၏ အောက်တွင် လွတ်လပ်၍ အားလုံးပါဝင်သော ကုန်သွယ်မှု ဖြစ်စေရန် သူတို့ သဘောတူညီခဲ့ကြသည်။
အဆိုပါ ထိပ်သီး အစည်းအဝေးသို့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe တက်ရောက်ခဲ့ခြင်း မရှိဘဲ သူ့အစား ဂျပန် အာဏာရ ပါတီ၏ ဒုတိယ အကြီးအကဲ Toshihiro Nikai က ဂျပန်နိုင်ငံကို ကိုယ်စားပြုတက်ရောက်ခဲ့သည်။
ယခု စစ်တမ်းကို ရိုက်တာသတင်းဌာန အတွက် Nikkei Research က ကောက်ယူပေးခဲ့ခြင်း ဖြစ်ပြီး မေလ ၉ ရက်မှ ၁၉ ရက် အတွင်းတွင် အကြီစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း ၅၂၇ ခု ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ အမည်မဖော်လိုသူ ကုမ္ပဏီ ၂၂၀ ခန့်က တုန့်ုပြန် ဖြေကြားပေးခဲ့သည်။
ဖြေကြားသည့် ကုမ္ပဏီ ၃ ပုံ ၁ ပုံခန့်က အမေရိကန် နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး ၂ နိုင်ငံ သဘောတူညီချက်က သူတို့၏ စီးပွားရေး အခွင့်အလမ်းများကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း စစ်တမ်းတွင် တွေ့ရှိခဲ့ရသည်။
အမေရိကန်နိုင်ငံ ထွက်ခွာသွားပြီ ဖြစ်သော်လည်း နိုင်ငံ ၁၁ နိုင်ငံ ပါဝင်သည့် လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဖြစ်သော TPP ကို ဖြေကြားသည့် ကုမ္ပဏီ ၄ ပုံ ၁ ပုံက ရွေးချယ်ခဲ့ကြသည်။ ၁၄ ရာခိုင်နှုန်းက ရုရှား- ဂျပန် စီးပွားရေးပူးပေါင်း ဆောင် ရွက်မှုကို ရွေးချယ်ခဲ့ကြပြီး တရုတ်နိုင်ငံက ဦးဆောင်သည့် အခြေခံအဆောက် အဦး ရင်းနှီးမြှုပ်နှံမှု(Belt and Road)ကို အခွင့် အရေးအဖြစ်မြင်သည့် ကုမ္ပဏီက ၆ ရာခိုင်နှုန်းသာ ရှိခဲ့သည်။