တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းဒေသများ လူမှုစီးပွားဖွံ့ဖြိုးရေး ၁ နှစ် ဒေါ်လာ ၁ သန်းခန့် သုံးစွဲ ဟုဆို
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ နယ်မြေများအတွင်း လူမှုစီးပွား ဖွံ့ဖြိုးရေး အတွက် ၁ နှစ်လျှင် အမေရိကန် ဒေါ်လာ ၅ သိန်း မှ ၁၀ သိန်းကြား အသုံးပြုကြောင်း တရုတ် အမျိုးသား ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း(CNPC) ဒု ဥက္ကဋ္ဌ Mr. Li Zinlin က ပြောသည်။
မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း(မြန်မာ)၏ လူမှုဝန်းကျင် တာဝန်ယူမှု အစီရင်ခံစာ (CSR) နှင့် ပတ် သက် ၍ မေ ၂၅ ရက်က ရန်ကုန်မြို့ ရှန်ဂရီလာ ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အထက်ပါတိုင်း မီဒီယာ များကို ပြောကြားခြင်း ဖြစ်သည်။
“ပိုက်လိုင်းဖြတ်သန်းသွားတဲ့ နေရာတွေမှာ သက်ဆိုင်ရာဒေသခံတွေက သူတို့ရဲ့လိုအပ်ချက်တွေကို တောင်းဆိုခွင့်ရှိတယ်။ ကျနော်တို့ဆီက ဒီနေရာတော့ ကျောင်းလိုတယ်။ ဆေးခန်းလိုတယ် စသဖြင့် လိုက်လေ့လာပြီး စာရင်းပြုစုတဲ့အဖွဲ့ ရှိပါ တယ်။ ဒီအဖွဲ့က လိုအပ်ချက်တွေကို ပထမဆုံး ဒေသ အာဏာပိုင်တွေနဲ့ ဆွေးနွေးတယ်။ ဒေသ အာဏာပိုင်တွေက အမှန် တကယ် လိုအပ်တယ်။ ဒီနေရာမှာ လုပ်ပေးပါပြောရင် ကျနော်တို့ဆီမှာရှိတဲ့ ဘတ်ဂျက်။ လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ နှစ်စဉ် အကောင် အထည်ဖော် ပေးနေပါတယ်” ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE) ဒါရိုက်တာ ဦးဝေဦးက လည်း ပြော သည်။
ပိုက်လိုင်း ဖြတ်သန်းရာ ဒေသတလျှောက်ရှိ မြို့ရွာများတွင် ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင် ထောက် ပံ့ ရေး၊ ဆေးကုသမှု၊ သောက်သုံး ရေသန့်လုပ်ငန်း၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးနှင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် အပြင် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီး ပေးနိုင် ခဲ့ကြောင်း ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာအရ ပိုက်လိုင်းဖြတ်သန်းရာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း ၁၂၀ လုပ်ဆောင်ပေးခဲ့ကြောင်း၊ ၂၀၁၆ ကုန်အထိ ကုမ္ပဏီဝန်ထမ်း ဦးရေ၏ ၇၂ ရာခိုင်နှုန်းသည် မြန်မာဒေသခံ ဝန်ထမ်းများဖြစ်ပြီး ယင်းတို့အနက် ၇၈ ဦးသည် ထူးချွန်ဝန်ထမ်းအဖြစ် သတ်မှတ်ခံခဲ့ရ ဟုလည်း ဆိုသည်။
ကုမ္ပဏီအနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည် ဆိုသော်လည်း တကယ့်မြေပြင် အခြေ အနေတွင်မူ သိသာမြင်သာသည့် ဖွံ့ဖြိုးတိုးတက်မှု မရှိကြောင်း၊ တချို့သော လုပ်ဆောင်ပေးမှုများမှာ အမည်ခံမျှသာဖြစ်ပြီး ဒေသခံ အနည်းငယ်မျှသာ ကုမ္ပဏီ၏ လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ရကြောင်း ပိုက်လိုင်း ဖြတ်သန်းရာနယ်မြေများမှ ဒေသခံ များက ပြောဆိုသည်။
“ကျနော်တို့ဒေသမှာ အမှန်တကယ်လိုအပ်တဲ့ ကျောင်းဆောင်သစ်တွေ၊ ပညာရေးတွေ ကောင်းလာအောင် အစိုးရကပဲဖြစ် ဖြစ်၊ ကုမ္ပဏီကပဲဖြစ်ဖြစ် တာဝန်ယူဖြေရှင်းနိုင်မှ တိုးတက်ပြောင်းလဲတယ်လို့ ဆိုရမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆေး ပေး ခန်းကြီး ဖွင့်ပေးထားတယ်။ ဒါပေမယ့် ကျန်းမာရေးမှူး မရှိဘူး။ ဆရာဝန်မရှိဘူး ဆိုရင် အဲဒီဒေသအတွက် ဘာအသုံး ဝင်မလဲ” ဟု မဒေးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က ပြောသည်။
ဆက်လက်၍ ၎င်းက တရုတ် ရေနံပိုက်လိုင်း စတင်ရာ မဒေးကျွန်းဒေသ အတွက် ရေသန့်ပေးဝေထားသည် ဆိုသော်လည်း စနစ်မကျသည့် ရေပေးဝေမှုကြောင့် ရေတွင်အနည်အနှစ်များ ပါလာသည့်အတွက် ချိုးရေအဖြစ်သာ အသုံးပြုရကြောင်း၊ ရေနံတင် သင်္ဘောကြီးများကြောင့် ဒေသခံများ၏ မူလငါးဖမ်းခွင့်သည်လည်း ဆုံးရှုံးသွားရကြောင်း ရှင်းပြသည်။
“စီမံကိန်းစလုပ်တော့ လယ်ယာမြေတွေ အများကြီး အသိမ်းခံရတယ်။ နောက်ပိုင်း ပိုက်လိုင်း ဖြတ်သန်းတဲ့ဘေးက လယ် ယာ မြေတွေကို သူတို့ မယူဘူးပြောပေမယ့် ဘာမှပြန်မလုပ်ပေးတော့ လယ်တွေပြန်လုပ်လို့မရတော့ဘဲ ပျက်စီး သွားတယ်။ လယ်ယာမြေကို အသုံးချပြီး လုပ်ကိုင် စားသောက်နေသူတွေ အတွက် အလုပ်မကိုင် မရှိတော့ဘူး” ဟု အမ်းမြို့နယ် ဒေသခံ တဦးဖြစ်သူ ဦးမျိုးလွင်က ပြောသည်။
စီမံကိန်း စတင်တည်ဆောက်သည့် အချိန်မှစပြီး ယနေ့အချိန်အထိ မဒေးကျွန်းပေါ်တွင် ရှိသည့် စီမံကိန်း တည်ဆောက် သည့် နေရာများတွင်ရှိသော လယ်ယာမြေများ အတွက် လျော်ကြေးငွေအဖြစ် ဒေသခံများအား မြန်မာကျပ်ငွေ သိန်း ၅၆၀၀ အထိ ပေးလျော်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသော်လည်း ယနေ့အချိန်အထိ မြေယာပြဿနာများ ရှိနေသေးသည် ဟု ဦးထွန်းကြည်က ဆိုသည်။
ယင်းစီမံကိန်းသည် တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်းလုပ်ဆောင်သည့် စီမံကိန်းဖြစ်ပြီး CNPC သည် မြန်မာနိုင်ငံ မှ ဓာတ်ငွေ့များ ထုတ်ယူရန်အတွက် ၂၀၀၅ တွင် မြန်မာအစိုးရနှင့် သဘောတူစာချုပ်ချုပ်ဆို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၉ တွင် သဘာဝပိုက်လိုင်း တည်ဆောက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
၇၉၃ ကီလိုမီတာ ရှည်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ၂၀၁၃ ဇွန်တွင် လုပ်ငန်းများအားလုံး ပြီးစီးသွားပြီး အောက်တိုဘာတွင် ဓာတ်ငွေ့ စတင်ထုတ်ခဲ့ကြောင်း၊ ၇၇၁ ကီလိုမီတာ ရှည်သည့် ရေနံပိုက်လိုင်းသည် ၂၀၁၄ မေလတွင် အကုန် တည်ဆောက်ပြီးစီးပြီး ၂၀၁၅ ဇန်နဝါရီတွင် စတင် လည်ပတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာ-တရုတ် ချစ်ကြည် ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က ရှင်းပြသည်။
ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရန် CNPC ၊ MOGE ၊ တောင်ကိုးရီးယားနှင့် အိန္ဒိယ စသည့်ကုမ္ပဏီပေါင်း ၆ ခုက ပူးပေါင်း ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။
ရေနံပိုက်လိုင်း စီမံကိန်းတွင် CNPC က ၅၀.၉ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရှိပြီး မြန်မာနိုင်ငံ MOGE က ၇.၃၆၅ ရာခိုင်နှုန်း ရှိ ကြောင်း၊ ဓာတ်ငွေ့ ပိုက်လိုင်းတွင်လည်း CNPC က ၅၀.၉ ရာခိုင်နှုန်း ရှယ်ယာပါသကဲ့သို့ MOGE က ၄၉.၁ ရာခိုင်နှုန်း ပါပြီး နှစ် ၃၀ စာချုပ်ချုပ်ဆိုထားကြောင်း ဦးစိန်ဝင်းအောင်က ပြောသည်။
ယခုစီမံကိန်းသည် မြန်မာအစိုးရ အနေဖြင့် မြေငှားထားပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ ၆ သန်း အကျိုးအမြတ်ရနေ သည့် စီမံကိန်းဖြစ်ပြီး ရေနံစည်တစည် ပိုက်လိုင်းထဲတွင် ဖြတ်သန်းသွားတိုင်း ၁ ဒေါ်လာရရှိကြောင်း၊ ဓာတ်ငွေ့ထုတ်လုပ်မှု နှင့်ပတ်သက်၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိသည့်လုပ်ငန်းဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။