အရပ်သား အစိုးရ အုပ်ချုပ်မှုအောက် တပ်မတော် ထားရှိရေး ၂၁ ပင်လုံတွင် အဆိုပြု
နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်း အဝေး လုံခြုံရေး ကဏ္ဍ ဆွေနွေးပွဲတွင် ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် ရွေးကောက် တင်မြှောက်ခံရသည့် အရပ်သား အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တပ်မတော် ထားရှိရေးမူကို လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က အဆိုပြုတင်ပြခဲ့ ကြောင်း သတင်း ရရှိသည်။
“ဒီမိုကရေစီ ခေတ်စနစ်မှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ ပါတီစုံ ခေတ်စနစ်ဆိုတော့ ပြည်သူလူထုက ရွေးချယ် တဲ့ အစိုးရရဲ့ အောက်မှာ တခုတည်းသော တပ်မတော်ပဲ ဖြစ်ဖြစ်၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ပဲ ဖြစ်ဖြစ် ဒီ တပ်မတော် သည် အရပ်သား အုပ်ချုပ်မှုအောက်မှာ ရှိရမယ်ဆိုတာကို တင်ပြခဲ့ပါတယ်”ဟု ယင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဦးအင်ထုံးခါးနော်ဆန်က ဧရာဝတီသို့ ပြောသည်။
ယခု ဆွေးနွေးမှုတွင် အရပ်သား အစိုးရအောက် တပ်မတော် ထားရှိရေး ကိစ္စကို တပ်မတော်က အသေးစိတ် မတုံ့ပြန် သော်လည်း ယခုအခါ ထိုသဘောဖြင့် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းကို လုံခြုံရေး လုပ်ငန်းကော်မတီ ဆွေးနွေးမှုများတွင် ပြန်လည် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သိရသည်။
“လုံခြုံရေး ကေ်ာမတီမှာ ဆွေးနွေးတဲ့အချိန်မှာတော့ ဒီမူက ရှိပြီးသားပါတဲ့။ ဘတ်ဂျက်တွေဘာတွေ တောင်းတဲ့အခါမှာ လည်း လွှတ်တော်က ခွင့်ပြုမှ သုံးစွဲရတာ ဖြစ်ပါတယ်တဲ့။ ကာချုပ်က ခရီးထွက်ရင်လည်း သမ္မတရုံးရဲ့ ခွင့်ပြုချက်နဲ့ပဲ ထွက်တာဖြစ်လို့ ဒီသဘောကို ကြည့်လိုက်ရင် လက်ရှိ အစိုးရအောက်မှာပဲ တပ်မတော် ရှိတယ်ဆိုတာကို လုပ်ငန်း ကော် မတီ ဆွေးနွေးပွဲတွေမှာ တင်ပြခဲ့တာ ရှိပါတယ်”ဟု ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်က ပြောသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲတွင် လွှတ်တော် အစုအဖွဲ့က တင်ပြသည့် ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော တခုတည်းသော ပြည်ထောင်စု တပ်မတော် ထားရှိရေး၊ တပ်မတေ်ာက တင်ပြသည့် “တခုတည်းသော တပ်မတော်” ထားရှိရေးနှင့် နိုင်ငံရေး ပါတီများက တင်ပြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အာမခံသော အနာဂတ် ပြည်ထောင်စု တပ်မတေ်ာ စသည့် သဘောထား ၃ ချက်ကို ရရှိခဲ့ သည် ဟု ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ပြောပြသည်။
“အဲဒီ ၃ ခု ထွက်လာတော့ အဲဒါတွေ သဘောထား စုစည်းချက်ဆိုပြီး UPDJC (ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ) ကို တင်မယ်။ EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ)တွေရဲ့ သဘောထားကတော့ နိုင်ငံရေး ပါတီတွေရဲ့ သဘောထားနဲ့တော့ နီးစပ်တယ်။ ဒါပေမယ့် သူတို့အဆိုပြုတာ မပါဘူး”ဟုလည်း ၎င်းက ပြောသည်။
ဆွေးနွေးစဉ်မှာ တပ်မတော်က တိုင်းပြည်ကို ချစ်ခြင်း၊ ပြည်သူကို အကျိုးပြုခြင်းနှင့် နိုင်ငံအတွက် အနစ်နာခံနိုင်ခြင်းများ တွင် မည်သည့် အဖွဲ့အစည်းနှင့်မဆို ယှဉ်ဝံ့ကြောင်း ဗိုလ်ချုပ်တဦးက ပြောဆိုသလို “တပ်မတေ်ာ”တခုတည်း ထားရှိရေး မူဝါဒကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်လျက် မူဝါဒ ချမှတ်သည်အထိ ဆုံးဖြတ်ပေးရန် ကြိုးစားခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ တဦးကလည်း ပြောသည်။
“တပ်က တခုတည်းသော တပ်မတော်ဆိုတဲ့ မူဝါဒကို အရင်ချပြီး အဲဒီမူဝါဒ အောက်ကနေ ဆက်လက် ဆွေးနွေးဖို့ တင်ပြ တယ်။ EAOs နဲ့ နိုင်ငံရေးပါတီတွေကတော့ ဘယ်လိုပုံစံ ဖြစ်သင့်လဲဆိုတာ ဆွေးနွေးပြီးမှ မူဝါဒချဖို့ အကြံပြုတယ်”ဟု လုံခြုံရေးကဏ္ဍတွင် ပါဝင်သူတဦး က ဧရာဝတီသို့ ပြောသည်။
တပ်မတော်တခုတည်း ထားရှိရေးမူကို အစိုးရကိုယ်စားလှယ် အဖွဲ့ဝင်များက လက်ခံသော်လည်း နိုင်ငံရေးပါတီများနှင့် EAOs များက လက်မခံသဖြင့် တပ်မတော်၏ ကြိုးပမ်းမှု မအောင်မြင့်ခဲ့ရပေ။
လုံခြုံရေးကဏ္ဍတွင် ဆွေးနွေးသူ တပ်မတော်သား အစုအဖွဲ့မှ ဗိုလ်မှူးကြီး စိုးနိုင်က “ကမ္ဘာမှာတော့ တပ်မတော်ဆိုတာ တခုတည်းပဲ ရှိတယ်။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် တခုတည်းပဲ ရှိတယ်။ အဲဒါမှ တပ်မတေ်ာက ခေတ်မီပြီးတော့ ကျစ်လျစ်ပြီး တော့ အားကောင်းတဲ့ တပ်မတော် ဖြစ်မှာ။ အဲဒါမှ ပြည်တွင်း၊ ပြည်ပ ရန်တွေကို ရင်ဆိုင်နိုင်တဲ့ တပ်မတော် ဖြစ်မှာပေါ့။ ဒါကိုပဲ သဘောတူညီမှု ရရှိအောင် ဆွေးနွေးနေတာ ဖြစ်ပါတယ်”ဟု မီဒီယာများသို့ ပြောသည်။
တပ်မတော်၏ အဓိက တာဝန်ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု မပြိုကွဲရေး၊ အချုပ် အခြာ အာဏာ တည်တံ့ခိုင်မြဲရေး စသည့် ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်နိုင်ရန်အတွက် ယင်းမူဝါဒများ အောက်တွင် ဆွေးနွေးလျက်ရှိကြောင်း တပ်မတော်သား အစုအဖွဲ့မှ ဗိုလ်မှူးကြီး ဇော်လင်းထွန်းကလည်း ပြောသည်။
ထို့အပြင် “ပြည်ထောင်စုမှ ခွဲမထွက်ရ” ဆိုသည့် တပ်မတော်၏ အကြံပြုချက်အပေါ်တွင်လည်း သဘောထားကွဲလွဲမှု များစွာဖြင့် ရပ်တည်မှု အသီးသီး ဖြစ်ပေါ်နေရကြောင်း၊ ထို့ကြောင့် တပ်မတော်က ဥမကွဲ သိုက်မပျက် ပြည်ထောင်စုကြီး အတွင်းတွင် တစုတစည်းတည်း စုပေါင်း နေထိုင်ကြရန် တိုင်းရင်းသား လူမျိုးစု အားလုံးနှင့် အဖွဲ့အစည်းများ အားလုံးက သဘောတူညီကြသည်ဟု သိရသည်။
“တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲစေချင်လို့ ခွဲမထွက်ခွင့်ကို ထည့်သင့်တယ်လို့ ပြောနေတာပါ။ ပြည်နယ်တွေမှာ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေ ဆွဲခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပေးမယ်လို့ မူချထားတဲ့အတွက် အဲဒီလိုပေးတဲ့ အခါမှာ ခွဲမထွက်ဘူး ဆိုတာနဲ့ မထိန်းချုပ်သင့်ဘူးလား”ဟု ဗိုလ်မှူးကြီး ဇော်လင်းထွန်းက မေးခွန်းထုတ်သည်။
၎င်းက ဆက်၍ “ကျနော်တို့ အကြံပြုချက်တွေကို သဘောတူညီတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ တကယ်လို့ ခွဲ မထွက်ခွင့် ဆိုတဲ့ စကားလုံးကြီးက ကြမ်းနေလို့ရှိရင် ဘယ်လိုသုံးမလဲဆိုတာ ဆွေးနွေးပါတယ်”ဟု ပြောသည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကမူ ပြည်ထောင်စုတွင် နေထိုင်၍ အကျိုးရှိသည်ဟု ယုံကြည် ပါက မည်သူမျှ ခွဲမထွက်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တွင် တန်းတူခြင်း၊ တရားမျှတခြင်းတို့ ရှိအောင် နိုင်ငံ ဦးဆောင်သူ များ က ဖန်တီးပေးရမည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောသည်။
“ပြည်ထောင်စုမှာနေလို့ အကျိုးရှိတယ်လို့ ယုံကြည်ရင် ဘယ်သူမှ ခွဲမထွက်ဘူး။ ကုတ်နဲ့ ကော်ထုတ်ရင်တောင်မှ မထွက် ဘူး။ သို့သော်လည်း အကျိုးမဲ့တယ်။ အချည်းနှီးပဲ၊ မတရားဘူး၊ မမျှတဘူးလို့ ယုံကြည်ရင် ပြဿနာတွေ ရှိတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ဆွေးနွေးမှုများတွင် စကားလုံး အငြင်းပွားမှုများကို ညှိမရဖြစ်နေကြောင်း၊ ခွဲထွက်ခွင့်ဆိုသည့် ထိလွယ်ရှလွယ်သည့် စကား လုံး ကို တိုင်းရင်းသားများက မကြိုက်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးကျော်ဝင်းက ပြောသည်။
ဦးကျော်ဝင်းက “ပြည်တွင်းစစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေပေါ့။ တပ်မတော်ဘက်ကလည်း တိုင်းရင်းသားတွေကို ခွဲထွက်မှာ လန့်တယ်၊ တိုင်းရင်းသားတွေ ဘက်ကလည်း ခွဲမထွက်ရတဲ့ Nagative ဆန်တဲ့ စကားလုံးကို မသုံးစေချင်ဘူးဆိုပြီး သူတို့ကို ထိခိုက်တယ်လို့ ယူဆတယ်”ဟုလည်း ပြောဆိုသည်။
ယခု ဆွေးနွေးမှုများတွင် အစိုးရ၏ ရပ်တည်ချက်နှင့် ပတ်သက်၍လည်း မေးခွန်းထုတ်မှုများ ရှိနေသည်။
အဘယ့်ကြောင့်ဆိုသော် အစိုးရ ကိုယ်စားလှယ်များသည် ၎င်းတို့၏ ရပ်တည်ချက်များကို သိသာအောင် မထုတ်ဖော်နိုင်ဘဲ တချို့ကိစ္စရပ်များတွင် တပ်မတော်၏ ဦးဆောင်မှုနောက်သို့ လိုက်နေသဖြင့် ဝေဖန်ခံနေရသည်။
သို့သော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကမူ အစိုးရ၏ ရပ်တည်ချက်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ မိန့်ခွန်းတွင်ပါသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု Constitution (ဖွဲ့စည်းပုံ) ဖြစ်လာအောင်၊ ငြိမ်းချမ်းရေး ရရှိအောင် အစိုးရက ကြား နေ ၍ ဟိုဘက် သည်ဘက် ညှိနှိုင်းလျက်ရှိကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ၏ မေးခွန်းထုတ်မှုကို ပြန်လည် ဖြေကြားသည်။
“ကျနော်တို့က မျှခြေပေါ။့ မျှခြေဆိုတာ ကျနော်တို့ ဒီဘက်မှာ တပ်မတော်ရှိတယ်။ ဒီဘက်မှာ EAOs ရှိတယ်။ အစိုးရက ကြားမှာ ရှိပါတယ်။ ကျနော်တို့က တပ်မတော်နဲ့ အစိုးရနဲ့ အရမ်းကြီး ပေါင်းပြီးတော့ EAOs ကို လှည့်မကြည့်လို့လည်း မရဘူး။ EAOs ကို အရမ်းကြီး ပေါင်းပြီးတော့ တပ်မတော်ကို မကြည်လို့လည်း မရဘူး။ အစိုးရက အဲဒီ မျှခြေကို ထိန်းနေ ရတာ”ဟု UPDJC အတွင်းရေးမှူးလည်း ဖြစ်သူ ဦးဇော်ဌေးက ပြောသည်။
ယခု ဒုတိယ အကြိမ် ၂၁ ပင်လုံ အစည်းအဝေးတွင် UPDJC က ချမှတ်ပေးလိုက်သည့် အခြေခံမူဝါဒ ၄၁ ချက်ကို ဆွေးနွေး ရာတွင် လုံခြုံရေးကဏ္ဍနှင့်ဆိုင်သည့် အကြောင်းအရာများနှင့် နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုများတွင် အကြိတ်အနယ် ဆွေးနွေး ရမှုများ ရှိနေခဲ့သည်ဟု သိရပြီး ယင်းအချက်များကို ယနေ့ နေ့လယ်ပိုင်းတွင် UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် UPDJC အစည်းအဝေးက ဆုံးဖြတ်ချက်များ သို့မဟုတ် သဘောတူညီချက်များ ချမှတ်ပေးလိမ့်မည်ဟု ညီလာခံ တက်ရောက်လာသူများက ပြောဆိုသည်။