ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး၏ နိုင်ငံရေးကဏ္ဍ ခေါင်းစဉ်အောက်ရှိ “ခွဲမထွက်ရေး” မူ ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲကော်မတီ(UPDJC)တွင် ဆွေးနွေးရာ အငြင်းပွားမှုများဖြင့် သဘောတူညီမှု မရရှိခဲ့ကြောင်း သတင်းရရှိသည်။
အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့က “ခွဲမထွက်ရ” မူကို ကတိကဝတ်အရ ပြည်ထောင်စု သဘောတူစာချုပ်တွင် ထည့်သွင်း လိုသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ (EAOs) များက သဘောမတူသဖြင့် ယခု ဒုတိယအကြိမ် ညီလာခံတွင် ယင်း ကိစ္စကို ချန်ခဲ့ရတော့မည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယင်းဆွေးနွေးပွဲအပြီး သတင်းထောက်များကို ပြောသည်။
ဦးဇော်ဌေးက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ဘက်က ဒါကို ကတိမပြုနိုင်ဘူး။ ကတိမပြုနိုင်တဲ့အတွက် ကျန်တဲ့ ကိုယ်ပိုင် အခြေခံ ဥပဒေတို့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့က မရတော့ပါဘူး။ ဒီ Commitment (ကတိကဝတ်) ပေးမှ ရမှာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့က ချိတ်ထားတာ ဖြစ်ပါတယ်။ အခု ဒါတွေသဘောတူညီမှု မရတဲ့အတွက် ဆက်လက် မဆွေးနွေးတော့ပါဘူးလို့ ဆုံးဖြတ် လိုက်တယ်” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ ခွဲထွက်ခွင့် မလုပ်ပါဟု ကတိကဝတ် မပြုနိုင်ခြင်းမှာ ၎င်းတို့အနေဖြင့် မည့်သည့်အခါကမျှ ခွဲထွက်ရန် ကြိုးစားခဲ့သည့် လုပ်ရပ်၊ ပြောဆိုချက်များ မရှိ၍ သဘောမတူရခြင်း ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက မီဒီယာများသို့ ပြောသည်။
“ကျနော်တို့ တိုင်းရင်းသားတွေက ကျတော့ ခွဲထွက်ဖို့ဆိုတဲ့ဟာကို ဘယ်တုန်းကမှ ပြောခဲ့တာ မရှိဘူး။ ခွဲထွက်မယ်ဆိုတာကို ဘယ်တုန်း ကမှ လုပ်ခဲ့တာ မရှိဘူး။ လုပ်ခဲ့တာ ပြုခဲ့တာ မရှိဘဲနဲ့ ဒီစာသားကို ထည့်တာကတော့ ထည့်စရာ မလိုဘူးလို့ပဲ မြင်ပါတယ်။ ခံစားပုံ၊ ခံစားချက် မတူကြတာပါ”ဟု ခွန်မြင့်ထွန်းက ပြောသည်။
ခွဲမထွက်ရေးမူ အပါအဝင် နိုင်ငံရေး ကဏ္ဍတွင် အချက်ပေါင်း ၂၁ ချက်ရှိရာ ၁၂ ချက်သာ သဘောတူညီနိုင်ခဲ့သဖြင့် ပြည်သူများ မျှော်လင့်သည့် ရလဒ်မျိုး နည်းပါးခဲ့ကြောင်း၊ ယင်းကိစ္စကို နောက်ပိုင်းတွင် ဆက်လက် ဆွေးနွေးခြင်း ရှိ၊ မရှိမှာ အစုအဖွဲ့များ၏ သဘောထားပေါ်တွင် မူတည်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သိရသည်။
“အဓိကကတော့ ကျနော်တို့ ပြောချင်တာကတော့ မေးစရာ မေးခွန်းဖြစ်တာပေါ့နော်။ ပြည်ထောင်စုက ခွဲထွက်ခွင့် မပြုပါဘူးဆိုတာကို ကတိ မပြုနိုင်ဘူးပေါ့။ အဲဒါဆိုရင် မေးစရာ ရှိတာက ဘာလဲ။ ခွဲထွက်ချင်လို့လားဆိုတဲ့ဟာတွေ ဖြစ်လာတယ်။ ဖြစ်လာတော့ ဆွေးနွေးပွဲ မှာ အကြိတ်အနယ်တွေ ဖြစ်လာတယ်။ အသေးစိတ်တော့ မပြောချင်တော့ဘူး” ဟု အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သူ ဦးဇော်ဌေးက ပြောသည်။
ဖယ်ဒရယ်ဆိုသည့် စကားရပ်နှင့် ဆက်စပ်၍ ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဖယ်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေး ဆိုသည့် အမြင်များ ရှိနေကြောင်း၊ နောက်ပိုင်းမှသာ ပေါင်းစည်းရေးဟု လက်ခံလာကြောင်း၊ သို့သော် ပြည်သူ၊ တပ်မတော်နှင့် အစိုးရတို့တွင် စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း UPDJC အဖွဲ့ဝင်တချို့က ပြောသည်။
“၂၁ ရာစု ပင်လုံရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ထောင်စုကြီးကို မကွဲမပျက်ဘဲ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ လိုချင်တာက ခွဲမထွက်ဘူးဆိုတဲ့ ဟာလေးပါ။ ဒီ အာမခံချက်က သမိုင်းရဲ့ သင်ခန်းစာအရ ထည့်တာ ဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုကို ဖြေဖျောက်အောင်ထည့်တာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
၎င်းက ဆက်၍ “ဒီဟာကိုပေးမယ်ဆိုရင် တဖက်မှာ ကိုယ်ပိုင် ပြဋ္ဌာန်းချက်တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်။ တချို့က ဒါကို တောင်းတောင်းပန်ပန်နဲ့ ပြောကြားတာတွေ ရှိပါတယ်။ အဓိကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ (EAOs)ရဲ့ တချို့က အာမခံချက် မပေးနိုင်ဘူး။ လက်မခံနိုင်ဘူးပေါ့။ အဲဒါကြောင့် ရှေ့ဆက်လို့ မရဘူး။ စိတ်မကောင်းစွာနဲ့ပဲ ညီလာခံမှာ ချန်ထားခဲ့ရပါတယ်”ဟု ပြောသည်။
ပြည်ထောင်စုမှ ခွဲမထွက် ဆိုသည့် သဘောထားမှာ အားလုံးတွင် ရှိသော်လည်း တပ်မတော်မှ ဗိုလ်ချုပ်ကြီးများ အပါအဝင် အားလုံးသည် ဖက်ဒရယ်မူကို “ခွဲထွက်ရေး” ဆိုသည့် အယူအဆနှင့် ကြီးပြင်းလာရာ တိုင်းရင်းသားများ၏ သမိုင်းကြောင်း၊ ပင်လုံ သမိုင်းကြောင်း အရ အကောင်းဆုံး စကားလုံး ရှာဖွေနိုင်ရန် ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ပြောသည်။
“ကျနော်တို့ တသက်လုံး မခွဲဘူးလို့ ပြောတာထက် တသက်လုံး အတူပေါင်းမယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ စကားကို ကျနော်တို့ ဆက်လက်ရှာဖွေဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။
ယနေ့ ရရှိလာသည့် အစည်းအဝေး ရလဒ်များကို မေလ ၂၉ ရက်နေ့တွင် ကျင်းပမည့် နောက်ဆုံး ညီလာခံသို့ တင်သွင်းပြီး ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်းအဖြစ် လက်မှတ်ရေးထိုးကြမည်ဟု သိရသည်။