၂၀၁၀ ခုနှစ် မှ ၂၀၁၂ ခုနှစ်အတွင်းတွင် တရုတ်အစိုးရက သုတ်သင်ခြင်း သို့မဟုတ် ဖမ်းဆီး ထောင်ချခြင်း ပြုလုပ်ခဲ့သည့် CIA သတင်းပေး ၂၀ ခန့်အထိရှိခဲ့သည့် အတွက် တရုတ်နိုင်ငံ အတွင်းတွင် အမေရိကန်၏ သတင်းအချက်အလက် စုဆောင်းမှုကို နှစ်နှင့်ချီ၍ ထိခိုက်စေခဲ့သည်ဟု The New York Times သတင်းတပုဒ် က ဆိုသည်။
CIA အဖွဲ့အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခံရခြင်းလား သို့မဟုတ် CIA ဧဂျင့်များကို ဖော်ထုတ်ရန် တရုတ်အစိုးရက အတွင်းလူတဦးက ကူညီခဲ့ခြင်းလား ဆိုသည်ကို မသေချာသေးကြောင်း The New York Times သတင်းစာက ပြောသည်။
အဆိုပါ သတင်းပေးများထဲမှ တဦးမှာ အစိုးရ အဆောက်အဦးတခု၏ ခြံဝန်း အတွင်းတွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သတင်းက ပြောသည်။ အခြားသူများကို သတိပေးသည့် အနေဖြင့် ထိုသို့ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ CIA ဘက်မှ တုန့်ပြန်ခြင်း မရှိပါ။
The New York Times သတင်းစာနှင့် စကားပြောခဲ့သည့် CIA အရာရှိဟောင်း ၄ ဦးက ၂၀၁၀ ခုနှစ်မှ စတင်၍ တရုတ်အစိုးရ အုပ်ချုပ်ရေး ယန္တယားအတွင်း ရှိ သတင်းရင်းမြစ်များထံမှ အတွင်းသတင်းများ ရရှိမှုနည်းပါး သွားခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် အစောပိုင်းမှ စ၍ သတင်းပေးများ ပျောက်ကွယ်သွားခဲ့ကြောင်း ပြောကြသည်။
အဆိုပါ အဖြစ်အပျက်များကို စုံစမ်းစစ်ဆေးရန် အတွက် CIA နှင့် FBI တို့ ပူးပေါင်း စစ်ဆင်ရေးတခု ပြုလုပ် ခဲ့ကြပြီး အဆိုပါ စစ်ဆင်ရေး၏ လျှို့ဝှက် အမည်မှာ Honey Badger ဖြစ်သည်ဟု သတင်းရင်းမြစ် တဦးက ပြောသည်။
စုံစမ်းစစ်ဆေးမှုက CIA အရာရှိဟောင်း တဦးကို ဗဟိုပြုခဲ့ခြင်း ဖြစ်သော်လည်း ၎င်းကို ဖမ်းဆီးရန် လုံလောက် သော သက်သေ အထောက်အထား မရရှိခဲ့ဟု The New York Times သတင်းစာ ဆိုသည်။ ယခုအခါ အဆိုပါ အရာရှိက အာရှနိုင်ငံ တခုတွင် နေထိုင်လျှက်ရှိသည်။
၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ လုံခြုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကို အမေရိကန်နိုင်ငံ အတွက် သူလျှိုလုပ်ပေးနေသည်ဟု မသင်္ကာမှုဖြင့် တရုတ်အစိုးရက ဖမ်းဆီးခဲ့သည်။ သူ့ကို CIA က သွေးဆောင် စည်း ရုံးခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း ထိုအချိန်တွင် အများပြည်သူ သတိထားမိစေသည့် ဖမ်းဆီးမှုများ မပေါ်ပေါက်ခဲ့ပါ။
ထိုသတင်းကို စုံစမ်းရေးသားခဲ့သည့် The New York Times မှ ဂျာနယ်လစ် တဦးဖြစ်သည့် Matt Apuzzo က“ ဒီ ကိစ္စနဲ့ ပတ်သက်လို့ အမှန်တကယ် ဒုက္ခပေးနေတာတွေထဲက တခုကတော့ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ကျနော်တို့ အခုချိန်ထိ မသိသေးတာပါပဲ” ဟု BBC သို့ ပြောကြားခဲ့သည်။
“ဒီကိစ္စဟာ CIA အတွင်းလူ တယောက်ယောက်က သစ္စာဖောက်တာလား ဒါမှမဟုတ် ထောက်လှမ်းရေး စနစ်မှာ ပြဿနာရှိခဲ့လို့လား၊ CIA ဧဂျင့်တွေရဲ့ ပေါ့ဆမှုကြောင့် ပေါ်ပေါက်သွားတာလား ဒါမှမဟုတ် တရုတ် နိုင်ငံက CIA ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာကြောင့်လားဆိုတာ အမေရိကန် အစိုးရအတွင်းမှာလည်း သဘောထားကွဲပြားနေပါတယ်။”
နောက်နှစ် အနည်းငယ်ကြာပြီးနောက် ၂၀၁၅ ခုနှစ်တွင် CIA က ဘေဂျင်းရှိ အမေရိကန် သံရုံးမှ ဝန်ထမ်းများကို ပြန်ခေါ်ခဲ့သည်။ သန်းနှင့်ချီသော အမေရိကန် ဖက်ဒရယ်ဝန်ထမ်းများ၏ အချက်အလက်များ ဖောက်ထွင်း ရယူသွားခြင်း ခံရပြီးနောက်တွင် ဖြစ်သည်။ ထိုသို့ ဖောက်ထွင်းဝင်ရောက်သွားခြင်း၏ နောက်ကွယ်တွင် တရုတ် အစိုးရရှိနေသည်ဟုလည်း အပြစ်တင်ခဲ့ကြသည်။ အကယ်၍ ၂၀၁၀ မှ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စ များက အလားတူ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့မှုကြောင့်ဆိုလျှင် အများပြည်သူ သိအောင်ထုတ်ပြန်မည့် ကိစ္စ တခု မဟုတ်ပါ။
သူလျှို အများအပြားပျောက်ဆုံးသွားခဲ့ခြင်းက နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ခဲ့ရသော ကွန်ရက် တခု ကို ပျက်စီးစေခဲ့သည်ဟု The New York Times သတင်းစာက ဆိုသည်။ နောက်ပိုင်းတွင် လုပ်ငန်းကို နှစ်နှင့် ချီ၍ ထိခိုက်စေခဲ့ပြီး ယခင်သမ္မတ အိုဘားမား၏ အစိုးရအတွင်းမှာပင် ထောက်လှမ်းရေး သတင်းများ နှေးကွေးနေရခြင်း အတွက် မေးခွန်းများ ထွက်ပေါ်လာခဲ့ရသည်။
လတ်တလော နှစ်များအတွင်း အဆိုးရွားဆုံး လုံခြုံရေး ကျိုးပေါက်မှုများထဲမှ တခု ဖြစ်သည်ဟု The New York Times နှင့် တွေ့ဆုံခဲ့သည့် CIA အရာရှိများကပြောသည်။
၂၀၁၃ ခုနှစ်ရောက်သည့် အခါ တရုတ်အစိုးရအနေဖြင့် အမေရိကန် ဧဂျင့်များကို ဖော်ထုတ်နိုင်စွမ်း ပျောက်ဆုံး သွားသည့် အသွင်ရှိပြီး CIA ကလည်း ၎င်း၏ ကွန်ရက်ကို ပြန်လည်တည်ဆောက်ရင်း နောက်ဆုတ်နေခဲ့သည်။
“တရုတ်နဲ့ အမေရိကန်က နောက်ကွယ်မှာ ဖြစ်နေတဲ့ သူလျှိုစစ်ပွဲထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ ပါတယ်။ ထိုင်ဝမ်မှာ ရှိတဲ့ NSA (အမေရိကန် အမျိုသားလုံခြုံရေး အေဂျင်စီ) ရဲ့ စခန်းတခုကို တရုတ်ထောက်လှမ်းရေးက စိမ့်ဝင်ထိုးဖောက်နိုင်ခဲ့တယ်ဆိုတာကိုလည်း ဒီသတင်းကို လိုက်ရင်း ကျနော်တို့ တွေ့ရှိခဲ့ရပါတယ်။ သူတပြန် ကိုယ်တပြန်ပါပဲ” ဟု Matt Apuzzo ကပြောသည်။
ယခု သတင်းက တရုတ်နှင့် အမေရိကန် ကြားတွင် သံတမန်ဆက်ဆံရေး ယာယီလေဟာနယ် ဖြစ်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့် အစိုးရက Iowa ပြည်နယ်အုပ်ချုပ်ရေးမှူး Terry Branstad ကို တရုတ်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ခန့်အပ်ခဲ့ပြီး ဖြစ်သော်လည်း သူက ယခုအချိန်အထိ ဘေဂျင်းသို့ သွားရောက် ခြင်း မရှိသေးပါ။
အမေရိကန်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Cui Tiankai က ယခုကိစ္စ နှင့် ပတ်သက်၍ မှတ်ချက် တစုံတရာမပေးခဲ့သော်လည်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တခုတွင် တရုတ် အမေရိကန် ဆက်ဆံရေး၏ အပေါင်းလက္ခဏာ ဆောင်သည့် လက်ရှိ အရှိန်အဟုန်ကို ကျေနပ်ကြောင်း သူက ပြောကြားထားသည်။
ကိုးကား။ ။ BBC