ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မိုင်းခေါန်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်လူငယ် အမျိုးသား ၃ ဦး သေနတ်ဒဏ်ရာ၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မေလ ၂၈ ရက်က တွေ့ရကြောင်း မိုင်းခေါန်ဒေသခံတချို့က ပြောသည်။
မိုင်းခေါန် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးနော်မိုင်က “ကျနော်တို့ အခု အလောင်းတွေကို မန်စီမြို့က ရင်ခွဲရုံကို ပို့နေတယ်။ ကျနော်တို့ IDPs က အမှုဖွင့်မှာပါ။ ရဲစခန်းကိုလည်း အကြောင်းကြားထားလို့ အုပ်ချုပ်ရေးမှူးရော မန်စီမြို့နယ်စခန်းမှူးရော ရင်ခွဲရုံကို အတူသွားနေတာပါတယ်” ဟု ပြောသည်။
အသတ်ခံရသည့် လူငယ်များမှာ မိုင်းခေါန် စစ်ဘေးရှောင်စခန်းမှ အသက် ၃၁ နှစ်အရွယ် အင်ခွန်ဂမ်အောင် ၊ အသက် ၂၇ နှစ်ရှိ လဗျနော်ခွန်နှင့် အသက် ၂၂ နှစ်အရွယ် မရန်ဘရန်ဆိုင်းတို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် မေလ ၂၅ ရက်က မိုင်းခေါန်ကျေးရွာနှင့် ၃ မိုင်ကျော် ကွာဝေးသည့် ခါ့ပရာယမ်ရွာသို့ ထင်းသယ်ရန်သွားရာ လမ်းခရီးဖြစ်သည့် မိုင်းခေါန်ကျေးရွာထိပ်တွင် စခန်းချထားသည့် တပ်မတော်စစ်ကြောင်းများနှင့် တွေ့ဆုံဖမ်းဆီးခံခဲ့ရာမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟုု ဦးနော်မိုင်က ဆိုသည်။
ဦးနော်မိုင်က “ သူတို့ပျောက်ကတည်းက မိုင်းခေါန်အုပ်ချုပ်ရေးမှူးကို ကျနော်တို့က ပြောတယ်။ အုပ်ချုပ်ရေးမှူးက တဆင့် တပ်ရင်းမှူးကို ပြောပါတယ်။ ဘာ့ကြောင့်ဖမ်းလည်းဆိုတာကို မပြောပြဘူး။ သူတို့ (တပ်မတော်)က ဖမ်းတယ် ဆိုတာတော့ ဝန်ခံထားတယ်လို့ အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို ပြောပါတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံထားရသည့် လူငယ် ၃ ဦးကို သတ်လိုက်ပြီဟူသည့် သတင်းကြားသဖြင့် မိသားစုဝင်များ၊ ကျေးရွာနှင့် စစ်ရှောင်စခန်းမှ တာဝန်ရှိသူများက လိုက်လံရှာဖွေရာတွင် မိုင်းခေါန်ကျေးရွာနှင့် ၄ မိုင်ခန့်ဝေးသည့် တောထဲ၌ အလောင်းများမြှုပ်ထားသည်ကို တူးဖော်တွေ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အလောင်းများကို တူးဖော်ရာတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများ တွေ့ရှိရပြီး ခြေထောက်များနှင့် ပေါင်များတွင်လည်း သေနတ်ဒဏ်ရာများ တွေ့ရှိရသည်ဟု ဆိုသည်။ အလောင်းများကို စစ်ရှောင်စခန်းနှင့် ကျေးရွာတာဝန်ရှိသူများက တူးဖော်ခဲ့ကြပြီး အမှုဖွင့်နိုင်မည့် သက်သေခံအချက်အလက်များ ရရှိရန်အတွက် မန်စီမြို့နယ် ရင်ခွဲရုံသို့ စစ်ဆေးရန် ပို့ဆောင်ထားခြင်း ဖြစ်သည်ဟု သိရသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မန်စီမြို့နယ် ရဲစခန်းမှူးထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ယင်းအမှုနှင့် ပတ်သက်ပြီး “ ဒီကိစ္စက ဥပဒေပုဒ်မအရ အကြမ်းဖျဉ်း လူသတ်မှုနဲ့ စွဲရမယ်။ ဘယ်လက်နက်ကိုင် တပ်ဖွဲ့ကလုပ်လုပ် လူသတ်မှုနဲ့ စွဲရမယ်။ အခုဟာက ပြန်ပေးဆွဲပြီး လူသတ်သလိုဖြစ်တော့ အင်မတန်မှ လေးနက်တယ်။ ဒါ သေဒဏ်ထိုက်တဲ့ ပုဒ်မကို ကျူးလွန်တာပဲ”ဟု သုံးသပ်သည်။
နေပြည်တော်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပနေဆဲဖြစ်ပြီး အစိုးရ၊ တပ်မတော်တို့က တိုင်းရင်းသားများနှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်နေဆဲ ကာလတွင် ယခုလူသတ်မှုက ပင်လုံညီလာခံပုံရိပ်ကို ပျက်စေသည်ဟု ဦးရောဘတ်ဆန်းအောင်က ဆက်ပြောသည်။
ဦးရောဘတ်ဆန်းအောင်က “ ဒီလူသတ်မှုကို ပွင့်လင်းမြင်သာမှုရှိအောင် အရပ်ဘက်တရားရုံးမှာ စစ်ဆေး စေချင်တယ်။ ဘယ်လိုတပ်ဖွဲ့ကလုပ်လုပ် ပြည်သူကိုလက်နက်နဲ့ အနိုင်ကျင့်တယ်ဆိုတဲ့ခေတ်ကို ဆိတ်သုဉ်းစေချင်ပြီ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်နေတဲ့အချိန် ဒီလိုလုပ်တာက လက်ခံနိုင်ဖို့မရှိဘူး” ဟု ပြောသည်။
မိုင်းခေါန် စစ်ဘေးရှောင်စခန်းကို ၂၀၁၁ ခုနှစ်၊ ဇွန်လနောက်ပိုင်းတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် ထွက်ပြေးလာသည့် စစ်ဘေးရှောင်များ ခိုလှုံနိုင်ရန် ကချင်ဘာသာရေး ဆရာတော်များက ဖွင့်လှစ်ထားသည့် စခန်းတခု ဖြစ်သည်။ လက်ရှိတွင် မိုင်းခေါန်စစ်ဘေးရှောင်စခန်း၌ မန်စီမြို့နယ် အတွင်းရှိ ရွာပေါင်း ၂၀ ခန့်မှ စစ်ဘေးရှောင် ခိုလှုံသူဦးရေ ၈၀၀ ကျော် ရှိကြောင်း သိရသည်။