သတင်း

“ငြိမ်းချမ်းရေး ရှာပုံတော်” လမ်းကြောင်းပေါ် ရောက်ပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသည် ငြိမ်းချမ်းရေး ရှာပုံတော် လမ်း ကြောင်းပေါ်သို့ လှမ်းတက်နိုင်ခဲ့ပြီ ဖြစ်၍ ငြိမ်းချမ်းသည့် ဖက်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည်သည့် ခြေလှမ်းအစ အဖြစ် သတ်မှတ် လိုက် ပြီ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ MICC – 2 ၌ ကျင်းပသည့် ညီလာခံ ပိတ်ပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားလိုက် ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ရဲ့ ငြိမ်းချမ်းရေး ရှာပုံတော် လမ်းကြောင်းပေါ်မှာ နောက်တလှမ်း လှမ်းခဲ့ပါပြီ။ ဒီအစည်းအဝေး ပြီးဆုံးခြင်းက ငြိမ်းချမ်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည် တဲ့ နောက်ခြေလှမ်းရဲ့အစကို သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ကြားကနေ စည်းလုံးညီညွှတ်မှု ဘယ်လို ရယူနိုင်မလဲဆိုတာကို စပြီး သင်ယူနိုင်ခဲ့ပါ တယ်” ဟု ပြောသည်။

ညီလာခံအတွင်း ဆွေးနွေးခဲ့သည့် မူဝါဒ ၄၁ ချက်တွင် ၃၇ ချက်အထိ အတည်ပြုနိုင်ခဲ့ပြီး သဘောထား ကွဲလွဲမှု၊ ရှုမြင်ချက် ကွာခြားမှုများ အမျိုးမျိုး ရှိခဲ့သော်လည်း တူညီသည့် သဘော ထားအမြင်များ ဖြစ်လာအောင် ဆွေးနွေးငြင်းခုံ ညှိနှိုင်း နိုင်ခဲ့ခြင်းက အားရဖွယ်ရာ ကောင်း လှသည်ဟု ၎င်းက ဆိုသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ထိုးလိုက်သည်နှင့် တပြိုင်နက် နိုင်ငံ့ အကြီးအကဲများနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို သွားမည်ဆိုသည့် ဘုံသဘောတူညီချက်တခု တင်လိုက်နိုင်ခဲ့ကြောင်း တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ညီလာခံတွင် ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ရာပြည့်က “ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဒီလိုအခြေအနေမျိုး ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ ယူဆမိမှာ မဟုတ်ပါဘူး ။ ဒီနေ့ ဒီ အချိန် ကျနော်တို့ ကြားမှာ တူညီတဲ့ ရည်မှန်းချက်တွေ ရရှိနေပြီး အဲဒီ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင် ဖို့အတွက် စနစ်တကျနဲ့ နိုင် ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ ရှင်းလင်းနိုင်တဲ့ အခင်းအကျင်းတခုကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်၏ အပြင်ဘက်သို့ ရောက်ရှိနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာအောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများစွာ ရှိနေသည့် တိုင်းပြည်၏ စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန်အတွက် ကျန်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လာရန် အမြဲတမ်း တံခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း ၎င်းက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ အားလုံးမှာ အတိတ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီ ရှိပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျမတို့အားလုံးဟာ ဒီဒဏ်ရာဒဏ်ချက်တွေကို နောင်လာမယ့် မျိုးဆက်သစ် တွေဆီ လက်ဆင့်ကမ်းလိုခြင်း မရှိတော့ဘဲ ကုစားနိုင်မယ့် နည်းလမ်းကို ရှာဖွေမှု စတင်ခဲ့ပါပြီ”ဟု ပြောသည်။

ယခု ညီလာခံကြီးမှ ရရှိသည့် အတွေ့အကြုံများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ရှိနေကြသည့် သံသယစိတ်များကို ဖယ်ရှားပေးနိုင်မည့် စုစည်းညီညွှတ်ရေး ရရှိရေးဘက်သို့ ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောသည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖိုရမ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးသွင်လင်းအောင်ကမူ “လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့နဲ့လည်း အောင်မြင်သင့်သလောက် မအောင်မြင်ဘူးလို့ ခံစားရတယ်။ လက်မှတ် မထိုးတဲ့သူတွေ ပါလာနိုင်တဲ့ အခင်းအကျင်း ကလည်း ပိုတောင်ကျဉ်းသွားသလိုပဲ။ ဖြစ်စေချင်တာက ညှိနှိုင်းမှုတွေကို ပိုပြီးတော့ ငွေကြေး အကုန်အကျခံပြီး လုပ်စေချင် တယ်။ ဒီလိုပွဲမျိုးကြီး လုပ်ပြီးတော့ အကျိုးနည်းတယ် ဆိုရင်တော့ မလုပ်တာ ပိုကောင်းတယ်”ဟု သူ၏ အမြင်ကို ဧရာဝတီ သို့ ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး ပိတ်ပွဲ အခမ်းအနားတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ညီလာခံအတွင်း အတည်ပြုနိုင်ခဲ့သည့် ဖက်ဒရယ်ဆိုင်ရာ မူဝါဒ သဘောတူညီချက်များကို ပြည်ထောင်စု သဘောတူညီမှုစာချုပ်၏ အစိတ်အပိုင်းအဖြစ် အစုအဖွဲ့ အသီးသီးမှ ညီလာခံ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading