သတင်း

လိမ္မော်ရောင် အဆင့်ရှိ မိုရာ ဆိုင်ကလုန်း ရခိုင် ကမ်းရိုးတန်း သက်ရောက်နိုင်

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် ယနေ့ မွန်း တည့် မှ နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ရောက်ရှိလာပြီး ရခိုင် ကမ်းရိုး တန်းသို့ သက်ရောက် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ (မိုး/ဇလ) ညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန် ကြေညာ ထားသည်။

“မိုရာ”(Mora) ဟု ကြိုတင် အမည်ပေးထားသော အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် ကမ်း‌ခြေ ဒေသ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း အနီးမှ ရွေ့လျားမည့် အခြေအနေ ရှိသောကြောင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ယနေ့ မွန်းလွဲပိုင်း ၂ နာရီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း ဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ဒေသများ ဖြစ်သည့် စစ်တွေ၊ မောင်တော၊ ဘူးသီး တောင် တို့သည် အဓိက ထိခိုက်နိုင်ပြီး ရခိုင်ကမ်းရိုးတန်း ဒေသ တလျှောက်လုံး သတိထားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးလှထွန်းကလည်း ပြောသည်။

“မုန်တိုင်းရဲ့ တိမ်တိုက်တွေ မုန်တိုင်းရဲ့ အဆောက်အအုံတွေက ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကိုလည်း သက်ရောက် နေတယ်။ မုန်တိုင်းရဲ့ ဗဟိုချက်က ကမ်းရိုးတန်းကိုမဖြတ်သော်လည်း မုန်တိုင်းရဲ့ တိမ်တိုက်တွေ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကို ရောက်မှာဖြစ်တဲ့အတွက် အဓိက ထိခိုက်မှုအများဆုံး ရှိနိုင်တဲ့ နေရာတွေက ရခိုင်ကမ်းရိုးတန်း မြောက် ပိုင်း ဖြစ်တဲ့ စစ်တွေတို့ မောင်တော၊ ဘူးသီးတောင်တို့ ဒီနေရာတွေကတော့ ပိုပြီးတော့ သတိထားရမယ်ပေါ့၊ ရခိုင် ကမ်းရိုးတန်း တခုလုံးလည်း အနည်းနဲ့အများတော့ သက်ရောက်မှုရှိနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။

မုန်တိုင်း ဖြတ်ကျော်စဉ် တွေ့ရှိရမည့် လမ်းကြောင်း အခြေအနေကို မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် ဖေ့စ်ဘုတ် တွင် ဤသို့ ဖော်ပြထားသည်

ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများသည် မုန်တိုင်းကြောင့် လေပြင်းများ တိုက်ခတ်နိုင်ပြီး အဆိုပါလေပြင်း တိုက်ခတ် မှုကြောင့် စစ်တွေ၊ မောင်တော နှင့် ဘူးသီးတောင်တို့တွင် မုန်တိုင်းဒီရေကိုလည်း သတိထားရန် လိုအပ်ကြောင်း လည်း ဦးလှထွန်းက သတိပေးသည်။

မုန်တိုင်းအန္တရာယ် မကျရောက်မီကပင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေး မှူး ဦးတင်မောင်ဆွေ ကလည်း ဧရာဝတီကို ပြောပြသည်။

“ရပ်ကွက်နဲ့ ကျေးရွာမှာရှိနေတဲ့ ပြည်သူတွေကို အစိုးရအနေနဲ့ သတိပေးတာတွေ လုပ်နေတယ်ပေါ့။ မုန်တိုင်းကို ၃၀ ရက် နေ့အထိ သတိပေးထားတယ်။ အသက်ကယ်လှေတွေကို မြို့နယ်တွေမှာ ဖြန့်ထားပြီးပြီ။ ရိက္ခာတွေ ချထားပြီးပြီ။ ကျန်းမာရေး ဆေးကုသရေး အဖွဲ့တွေ အားလုံးကိုလည်း ပြင်ထားပြီးပြီ။ သူတို့စီမံချက်အတိုင်းပဲ အကုန်လုပ်ထားတာ ကြိုတင်ပြင်ဆင်ထားပြီးပြီ”ဟုလည်း ၎င်းက ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး ပြည်သူလူထူကို မုန်တိုင်း ဖြစ်လာပါက ဆောင်ရန်၊ ရှောင်ရန်များကို အသိပေးခြင်းအပြင် မုန်တိုင်းဖြစ်လာပါက ထောက်ပံ့ရေးများ ပြုလုပ်နိုင်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပြသည်။

“ပြည်သူကို အသိပေးထုတ်ပြန်တာတွေ၊ နောက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ အလိုက် ဘာတွေ ဆောင်ရွက်ထားဖို့၊ မုန်တိုင်းက ရခိုင်ကို တိုက်ပေမယ့်လည်း ကုန်းတွင်းပိုင်းတို့ကျတော့ လျှပ်တပြက် ရေးဘေးတို့ ဘာတို့ ဖြစ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကြိုတင်ပြင်ဆင်ဖို့အတွက် ဆိုပြီးတော့ ပြည်နယ်နဲ့တိုင်း ဒေသကြီးတို့ကို အကြောင်းကြားပြီးတော့ အကြံပြုထားတာပေါ့ လတ်တလောကတော့ မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတင်းကို ပြည်နယ်နဲ့ တိုင်းတွေကို အဆက်မပြတ် ထုတ်ပြန်ပေးတယ်” ဟုလည်း ၎င်းကဆိုသည်။

ယနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရာသီဥတုအခြေအနှေနှင့် ပတ်သက်ပြီး စစ်တွေမြို့ ဒေသခံဖြစ်သည့် စစ်တွေ ပြည်နယ်လွှတ်တော် အမတ် ဦးမောင်ထွန်းလှိုင် က အခြေအနေ ကောင်းကြောင်း ပြောသည်။

“အခြေအနေကတော့ ကောင်းပါတယ်၊ မိုးကတော့ အုံ့နေတာပေါ့နော်၊ မိုးက နည်းနည်းပါးပါးပဲ ရွာတာပါ၊ လေလည်း မတိုက်ပါဘူး၊ ပုံမှန်လေပြေလေးတွေပဲ တိုက်နေတာပါ” ဟု ၎င်းက ဧရာဝတီမှ မေးမြန်ချက်ကို ပြန်လည် ဖြေဆိုသည်။

လက်ရှိ အချိန်တွင် ဆိုင်းကလုန်းမုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းသည် တနာရီလျှင် ၅၅ မိုင်မှ မိုင် ၆၀ နှုန်းအထိ ဖြစ်ပြီး ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်း‌ခြေဒေသကို ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက် နှုန်းသည် တနာရီလျှင် မိုင် ၆၀ ခန့် တိုက်ခတ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပြန်ထားသည်။

မုန်တိုင်း ဖြတ်ကျော်စဉ် မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်း များ ကျရောက်၍ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျစဉ် ရေပြင် မြေပြင်လေသည် တနာရီလျှင် ၄၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading