သတင်း

မဘသအဖွဲ့ဝင်များက ၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီ ထူထောင်မည်

Want create site? Find Free WordPress Themes and plugins.

မဘသအဖွဲ့ဝင်များ ပါဝင်ကာ အမျိုးသားရေး ဦးစားပေးလုပ်ဆောင်မည့် “၁၃၅ မျိုးချစ်ညီညွတ်ရေး” အမည်ရှိ နိုင်ငံရေး ပါတီ ထူထောင်မည်ဟု ပါတီဖြစ်မြောက်ရေး ဦးဆောင်သူ မောင်သွေးချွန်က ပြောသည်။

၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီ၏ အဓိပ္ပာယ်သည် ၁ မှာ ဗုဒ္ဓ၊ ၃ မှာ ရတနာသုံးပါးဖြစ်ပြီး ၅ မှာ အနန္တောအနန္တငါးပါးကို ရည်ညွန်းပြီး နိုင်ငံအဝှမ်းရှိ မျိုးချစ်ပုဂ္ဂိုလ်များကို တစုတစည်းတည်း ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပေးထားသည်။ မဘသ အဖွဲ့ဝင်များ၊ နိုင်ငံအဝှမ်းရှိ အမျိုးသားရေးလှုပ်ရှားသူ အမည်ခံသူများ၊ အဖွဲ့အစည်းများ ပါဝင်လာဖွယ်ရှိပြီး အမျိုးသားရေးအင်အားစုများ လွှတ်တော်တွင်း ဝင်ရောက်နိုင်ရေးက ရည်ရွယ်ချက်တခု ဖြစ်သည် ဟု သိရသည်။

ပါတီဖြစ်မြောက်ရေး ဦးဆောင်သူ မောင်သွေးချွန်က “အပြင်မှာပြောနေကြသလို ဓမ္မဝံသာနု ရက္ခိတ အဖွဲ့ကို နာမည်ပြောင်း၊ ပါတီထောင်တာမဟုတ်ဘူး။ အဖွဲ့က သက်သက်ရှိမယ်။ ပါတီသည် ဘာသာရေးကို ဇောင်းပေးလုပ်မှာ မဟုတ်ဘဲ အမျိုးသားရေး လုပ်မှာ။ မဟနက ဖိအားပေးလာလို့ အလျှော့ပေးရင်း၊ သံဃာ့အဖွဲ့အစည်း မပြိုကွဲစေချင်လို့ လျှော့ပေးရင်းနဲ့ ကိုယ့်ဆီမှာ ဘာမှမကျန်တော့မှာ စိုးရိမ်တယ်။ အမျိုးသားရေး အင်အားစုတွေက လွှတ်တော်ထဲကို ရောက်နေဖို့ လိုအပ်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲဝင်မယ်။ နိုင်ငံရေးပါတီဖွဲ့မှရမယ်ဆိုပြီး နိုင်ငံရေးမလုပ်ချင်သော်လည်း အခြေအနေက တောင်းဆိုလာတော့ လုပ်ရတဲ့သဘော” ဟု ရှင်းပြသည်။
ပါတီဖွဲ့စည်းရန် အတွက် အစည်းအဝေးများ လုပ်ဆောင်နေပြီး ပါတီဝင် လျှောက်ထားလိုသူသည် မဘသ အဖွဲ့နှင့် ဓမ္မဝံသာနု ရက္ခိတ အဖွဲ့တွင် ပါဝင်နေပါက ယင်းအဖွဲ့များမှ နှုတ်ထွက်ပြီးမှ လျှောက်ထားရမည်ဟု သိရသည်။

ပါတီ အဖြစ် ဖွဲ့စည်းခွင့် ရခဲ့ပါက အမျိုးသားအကျိုးစီးပွား၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဘဝမြှင့်တင်ရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးများ သည် အဓိက လုပ်ဆောင်ချက် ဖြစ်လာမည်ဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံသား ဖြစ်ပြီးသား အစ္စလာမ်လူမျိုးများနှင့် ခရစ်ယာန်များ၏ အကျိုးစီးပွားအတွက်လည်း လုပ်ဆောင်မည်၊ ဗုဒ္ဓဘာသာနှင့် တန်းတူ အခွင့်အရေး ရစေရမည်ဟု သိရသည်။

“ပါတီမှာ ဘာသာရေးကို ဇောင်းမပေးတော့ဘူး။ အမျိုးသားရေးကိုပဲ ဇောင်းပေးမယ်။ ခရစ်ယာန်တွေရဲ့ အကျိုးစီးပွားလည်းပါမယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားဖြစ်ပြီးသား အစ္စလာမ်တွေရဲ့ အကျိုးစီးပွားရေးကိုလည်း တန်းတူလုပ်ဆောင်ပေးမယ်။ ဗုဒဘာသာနဲ့ တန်းတူအခွင့်အရေး ရကို ရစေရမယ်။ ဓမ္မဝံသာနု ရက္ခိတအဖွဲ့ကမှ မဘသ လက်အောက်ခံ၊ ဒီပါတီကတော့ မည်သည့်သံဃာရဲ့ ညွှန်ကြားချက်မှ မပါဘူး” ဟု မောင်သွေးချွန်က ရှင်းပြသည်။

၎င်းက ဆက်လက်၍ “ဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခတွေပေါ်မှာလည်း အမြင်စောင်းနေတာကို ငြိမ်းချမ်းအောင် လုပ်ချင်တယ်။ မရှိအောင်ပေါ့။ နောက်ပိုင်းမှာ အစ္စလာမ်က ဘာသာရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေလည်း ရှိတော့ သူတို့နဲ့လည်း ညှိနိုင်းပြီး ဥပဒေဘောင်ထဲကနေ ညှိနှိုင်းပြီး တည်ဆဲဥပဒေနဲ့အညီ ချစ်ကြည် ငြိမ်းချမ်းရေးတွေ လုပ်သွားမယ်” ဟု ပြောသည်။

လက်ရှိတွင် ပါတီ တည်ထောင်နိုင်ရန် အစည်းအဝေးများ ခေါ်ယူကာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေပြီး ပါတီကို သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း မှတ်ပုံတင်နိုင်ရန် ကြိုးစားမည်ဟု သိရသည်။

နိုင်ငံတော် သံဃမဟာနာယက က မဘသ နာမည် အသုံးမပြုရေး၊ နိုင်ငံအဝှမ်းရှိ မဘသဆိုင်းဘုတ်များ ဖြုတ်ချရေးများ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် မဘသ အဖွဲ့သည် ဗုဒ္ဓ ဓမ္မပရဟိတဖောင်ဒေးရှင်း ဟု အမည်ပြောင်းလဲကာ ယခင်လုပ်ဆောင်ချက်များ အတိုင်း ဆက်လက်ရပ်တည်မည်ဟု ကြေညာလိုက်ပြီး ဓမ္မဝံသာနု ရက္ခိတအဖွဲ့ ဖွဲ့စည်းခြင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading