တပ်မတော်က သိမ်းဆည်းခဲ့သည့် မြေနေရာများတွင် တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အမှန်တကယ် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တိုင်းပြည်ဘဏ္ဍာ ကျပ်ဘီလျံ ၇၀ကျော် ခြိုးခြံချွေတာရာရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က “တပ်မတော်မှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အမှန်တကယ် ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှ မြင့်တက်စေခြင်း၊ တပ်မတော်သားများ ၏ စားသောက်ရေးကို ပြေလည်စေခြင်းဖြင့် ကောင်းမွန်စွာ အထောက်အပံ့ ပြုစေနိုင်ခြင်း အပြင် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေအား နှစ်စဉ် ၇၅ ဒသမ ၇၉ ဘီလီယံ ခြိုးခြံချွေတာရာ ရောက်စေပါတယ်” ဟုပြောသည်။
ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင် ၏ အမှတ် ၂၇၀ ခြေလျင်တပ်ရင်း စစ်တွေမှ သိမ်းဆည်းထားသည့် မြေဧက ၁၀၀ ကျော်အား ပြန်လည် လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနဲ့ စပ်လျဉ်းပြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောဆိုခဲ့ပြီး ထိုမြေနေရာတွင် တပ်မတော်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ တချို့ မြေများကို အစိုးရထံပြန်လည်လွှဲပြောင်းပြီး ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
ဦးဝေစိန်အောင်က “ ဘာပဲပြောပြော ကျနော်တို့ကတော့ တပ်မူအရ အဲဒီလို ရန်ပုံငွေ ရည်မှန်းချက် အတွက် သိမ်းဆည်းထားတဲ့ အတွက် အတင်း အဓမ္မတော့ မပြောလိုတော့ပါဘူး ။ ဒါပေမယ့် အဲဒီမြေတွေ အတွက် လျော်ကြေးငွေ တစုံတရာ ပေးနိုင်ဖို့ စဉ်းစားထားခြင်းရှိ၊ မရှိ သိလိုပါတယ်” ဟု ထပ်ဆင့်မေးမြန်းခဲ့သေးသည်။
တပ်မတော်၏ ရိက္ခာစရိတ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဲ့သို့ သတ်မှတ်ပေးပါက တနှစ်ကို ကျပ် ၇၅ ဒသမ ၇၉ ဘီလျံ ထပ်မံ လိုအပ်မည်ဖြစ်ပြီး လိုအပ်သည့် ငွေများကို နိုင်ငံတော် ဘတ်ဂျက်မှ ထပ်မံတောင်းခံခြင်းမပြုပဲ တပ်တွင်း မိသားစု စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ရရှိလာသည်များနှင့် ဖြည့်ဆည်းခြင်း ဖြစ်ကြောင်း သိရသည်။
တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား တပ်မတော်တရပ်လုံး စီမံချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ ရရှိလာသည့် ထွက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် တပ်မတော်မိသားစုဝင်များအား ရောင်းချပေးလျက်ရှိကြောင်း၊ ပိုလျှံပါက သားငါးများ ဟင်းသီးဟင်းရွက်များကိုလည်း ပြင်ပသို့ သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိကြောင်း ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင်း ပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့သည့် စစ်တွေမှ မြေများသည် ၁၉၉၄ ခုနှစ်ကတည်းက လုပ်ထုံးလုပ်နည်း နှင့်အညီ သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ထိုခေတ်ကာလက ဆောင်ရွက်ခဲ့သည်များကို လက်ရှိဒီမိုကရေစီခေတ်နှင့်နှိုင်းယှဉ်ပါက ကန့်သတ်ချက်များစွာ ရှိနိုင်မည်ဖြစ်သလို လျော်ကြေးအနေဖြင့်လည်း ပြန်လည် စွန့်လွှတ်ရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြောသည်။
၂၀၁၇ -၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု ဘတ်ဂျတ် ၏ ၁၃ ဒသမ ၅၉ ရာခိုင်နှုန်း ဖြစ်သည့် ၂၉၀၅ ဒသာမ ၁၃ ဘီလျံကျပ် သုံးစွဲရန် ကာကွယ်ရေး ဝန်ကြီးဌာနက အသုံးစရိတ်အဖြစ် တောင်းခံခဲ့ကြောင်း သိရသည်။