လူမှုကွန်ရက် စာမျက်နှာ(ဖေ့စ်ဘုတ်) အသုံးပြုသူတိုင်း အချိန်မရွေး ဖမ်းဆီးထောင်ချ ခံရနိုင်သည့် ဆယ်သွယ်ရေးဥပဒေပါ ပုဒ်မ၆၆(ဃ)ကို ဖျက်သိမ်းပေးရန် အရပ်ဘက်အဖွဲ့အစည်း ၂၀ ပါဝင်သည့် ဆယ်သွယ်ရေး ဥပဒေပြင်ဆင်ရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့က မေလ ၂၉ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်း ၂၀တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ Equality Myanmar ၊ PEN Myanmar ၊ Myanmar ICT Development Organization၊ Telecommunications Law Reform Movement Committee နှင့် မီဒီယာ အစရှိသည့် အဖွဲ့အစည်းများ ပါဝင်သည်။
ယင်းပူးပေါင်းအဖွဲ့က ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ၆၆(ဃ) ဖျက်သိမ်းရေး ကာတွန်းပြပွဲ ကို မေလ ၂၇ မှ ၂၉ ရက်အထိ လှည်းတန်းလမ်းဆုံ၊ အင်းစိန်လမ်းနှင့် ပြည်လမ်းထောင့်ရှိ ပန်းခြံတွင် ၃ ရက် တိုင်တိုင် ပြုလုပ်ခဲ့ကာ ယင်းနေ့ ညနေတွင် ၎င်းတို့၏ ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
NLD အစိုးရ တာဝန်ယူပြီး တနှစ်အတွင်း ပုဒ်မ ၆၆(ဃ)ကို အသုံးပြုကာ အွန်လိုင်းပေါ်တွင် ပြော ဆိုရေးသားမှုများအား အသရေဖျက်မှုဖြင့် ဖမ်းဆီးအရေးယူ ထောင်ချမှုများ တိုးမြှင့်လာသောကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ဆယ်သွယ်ရေးဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှု ပူးပေါင်း အဖွဲ့ဝင်များကပြောသည်။
ဆယ်သွယ်ရေးဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့ဝင် မောင်ဆောင်းခက “ ၆၆(ဃ) က လူတယောက်ကို အချိန် မရွေး ဖမ်းလို့ရတယ်။ ထောင်ချလို့ရတယ်။ သူ့ရဲ့ပြစ်ချက်တွေက အများ ကြီးပဲ။ အခုဆို အားလုံးက မဝေဖန်ရဲ၊ မပြောရဲ တော့တဲ့ အခြေအနေဖြစ်နေလို့ မဖြစ်မနေ ဖျက်ဖို့ လိုတယ်ဆိုပြီး တောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ဥပဒေပြင်ရာတွင် ပြင်ပမှ တတ်သိပညာရှင်များ၊ ယင်းဥပဒေကို ပြန်လည်ဆန်းစစ်နေသူများနှင့် ယင်းဥပဒေကို ကိုယ်တိုင် ရင်ဆိုင် ကြုံတွေ့ခဲ့ရသူများဆီမှ အကြံဉာဏ်များ ရယူပြီး စဉ်းစားရန် လိုကြောင်း ပြောသည်။
ဆက်လက်၍ ၎င်းက ဆယ်သွယ်ရေးဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့အနေဖြင့် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သင့်သည့် အချက်များကို အစိုးရအဖွဲ့အား အကြံပြု တင်ပြသွားမည် ဖြစ်သကဲ့သို့ တဖက်တွင်လည်း လူထု အသိ ပညာပေးမှုများ၊ ကမ်ပိန်းများ ဆက်တိုက်ပြုလုပ်သွားရန် ရှိကြောင်း ရှင်းပြသည်။
ယင်းပွဲသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ယခုကဲ့သို့ လွှတ် တော်တွင်း ဥပဒေပြင်ဆင်ရေး သို့မဟုတ် လုံးဝဖျက် သိမ်းရေး တောင်းဆိုချက်များနှင့် ပတ်သက်၍ လွှတ်တော်အနေဖြင့် လူထုသဘောထားကို နားထောင်ပြီး ပညာရှင်များ၏ အကြံပြုချက်များကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
၆၆(ဃ)သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှု မရှိခြင်း၊ ၆၆(ဃ)တွင် ဖော်ပြထားသော ပြစ်မှုများသည် ရာဇသတ်ကြီးနှင့် သက်သေခံအက်ဥပဒေတို့တွင် လုံလောက်စွာ ပါဝင်ပြီးဖြစ်ခြင်း၊ ကာယကံရှင်၏ ခွင့်ပြု ချက် (သို့) ဆန္ဒမပါဘဲ တတိယလူက တရားစွဲဆိုနိုင်ခြင်း စသည့်အချက်များကြောင့် ပုဒ်မ ၆၆(ဃ)ကို လုံးဝပယ်ဖျက်ရန်နှင့် ဆက်သွယ်ရေးဥပဒေပါ တခြားပုဒ်မများအား ပြင်ဆင်ရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ပြင်ဆင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ယင်းဌာန၏ ဒုဝန်ကြီး ဦးကျော်မျိုးက မီဒီယာများ ကို ဖြေကြား ထားသကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၅ မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ် ကလည်း ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ရန် ယခုကျင်းပမည့် လွှတ်တော် အစည်းအဝေး တွင် မေး ခွန်းမေးမြန်းခြင်း သို့မဟုတ် အဆိုတင်သွင်းခြင်းတို့ ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။
ဆက်သွယ်ရေး ဥပဒေ သုတေသနအဖွဲ့၏ ကောက်ယူရရှိသော အချက်အလက်များအရ ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးချိန် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် မေလအတွင်း ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရမှု ၆၇ မှုရှိခဲ့ကာ ယင်းတို့အနက် လက်ရှိ အစိုးရလက်ထက်တွင် အမှုပေါင်း ၅၉ မှုရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသည့်အမှုပေါင်း ၁၀ မှု ရှိကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် တရားစွဲဆိုခံရမှု ၇ မှုရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ၅ မှု ရှိကြောင်း သိရသည်။