မျိုးသုန်း ပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ရေညှောင့် နှုတ်ဝိုင်း ငှက်ကောင်ရေ ထက်ဝက်ကျော် လာရောက် ဆောင်းခိုလေ့ ရှိသော မုတ္တမ ရေတိမ် ဒေသအား အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေ (Ramsar Site – International Important Wetland Area) အဖြစ် သတ်မှတ်ခြင်း အခမ်းအနားအား မေလ ၃၀ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်ထို မြို့နယ်ရှိ စွပ္ပနူး ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
“အဓိက ကတော့ Ramsar Site သတ်မှတ်နိုင်ဖို့နဲ့ ပတ်သက်ပြီး ပြည်နယ် အဆင့်ကနေ ပြည်ထောင်စု အဆင့် အဲဒီက နေပြီး Ramsar Site သတ်မှတ်နိုင်ဖို့ အတွက် ဆွစ်ဇာလန်မှာ ရှိတဲ့ Ramsar Secretarist အဖွဲ့ ဆီကို တင်ပြပြီး ဒီနေ့မှာတော့ ဆွစ်ဇာလန် Ramsar Secretarist အဖွဲ့က အသိအမှတ် ပြုထားတဲ့ အသိအမှတ် ပြုလွှာကို မွန်ပြည်နယ် ဝန်ကြီးချုပ်ဆီကို ပေးအပ်ခဲ့တယ်” ဟု မုတ္တမ ရေဝပ် ဒေသ ထိန်းသိမ်းရေး နယ်မြေ သတ်မှတ် နိုင်ရေး အတွက် ကြိုးပမ်းနေသည့် HELVETAS Myanmar အဖွဲ့မှ Communication Officer မင်းဉာဏ်စိုက်က ရှင်းပြသည်။
ကမ္ဘာပေါ်တွင် ရေညှောင့်နှုတ်ဝိုင်းငှက် ကောင်ရေ ထောင်ဂဏန်း သာ ရှိ၌ ထိုထဲမှ ကောင်ရေ ၅၀၀ ကျော်သည် မုတ္တမ ရေဝပ် ဒေသသို့ နှစ်စဉ် လာရောက် ဆောင်းခိုလေ့ ရှိသည်။
မြန်မာနိုင်ငံတွင် မိန်းမလှကွျှန်း ရေဝပ် ဒေသ ၊ အင်းတော်ကြီး ရေဝပ် ဒေသ၊ မိုးယွန်းကြီး ရေဝပ် ဒေသ တို့အား ကမ္ဘာ့ အသိ အမှတ်ပြု ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ် ခဲ့ပြီး ဖြစ်ကာ မုတ္တမ ရေဝပ် ဒေသသည် စတုတ္ထမြောက် သတ်မှတ်နိုင်ခဲ့သည့် ရေဝပ် ဒေသ ထိန်းသိမ်းရေး နယ်မြေ တခု ဖြစ်သည်။
မုတ္တမ ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေသည် အစိုးရ သတ်မှတ် ထားသော သဘာဝ ထိန်းသိမ်းနယ်မြေ မဟုတ်သော ဧရိယာတွင် ပထမဦးဆုံး သတ်မှတ် နိုင်သော ထိန်းသိမ်းရေး နယ်မြေ တခုလည်း ဖြစ်ကာ ဧရိယာ အားဖြင့် ၄၅၀၀၀ ဟက်တာ ကျယ်ဝန်း၍ မွန်ပြည်နယ် စစ်တောင်း မြစ်ဝမှ စ၍ ကျိုက်ထိုနှင့် ဘီးလင်း မြို့နယ် အရှေ့ဘက်မြစ်ဝှမ်း ဒေသ ကမ်းခြေ တလျှောက်ပါဝင်သည်။
မုတ္တမ ရေဝပ် ဒေသအား အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ရေဝပ် ဒေသ တစ်ခု အဖြစ် သတ်မှတ်နိုင်ရေး အတွက် ၂၀၁၄ ခုနှစ်မှ စတင် ကြိုးပမ်း ခဲ့ကာ ၄ နှစ်ခန့် အချိန်ပေးခဲ့ရကြောင်း၊ အခြား ဒေသများ နည်းတူ ခြိမ်းခြောက်မှု များနှင့် ကြုံနေရကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။
“တရားမဝင် ငါးဖမ်း ပိုက်ကွက်စိတ်များနှင့် တရားမဝင် ငါးဖမ်းနည်း အသုံးပြုမှုကြောင့် လည်းကောင်း ၊ အလွန်အကျွံ ထုတ်ယူ သုံးစွဲမှုကြောင့် ဒေသတွင်း ငါးသယံဇာတများ လျင်မြန်စွာ လျော့ကျလာခြင်း ၊ ဒေသ ငါးထုတ်လုပ်မှု လျော့ကျလာမှု ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာခြင်း၊ သောင်ထွန်းခြင်း ၊ ရေကြောင်း ပြောင်းလဲ ခြင်းကြောင့် ကမ်းပြိုခြင်းနှင့် လယ်ယာမြေ ၊ အိမ်ယာ ဆုံးရှူံးမှုများနှင့် ရင်ဆိုင် ကြုံတွေ့ နေရပါတယ်” ဟု ဒေါက်တာ အေးဇံက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။
ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေ Ramsar Site ဆိုသည်မှာ ရွှံ့နွံတောများ၊ ပုပ်သိုး ဆွေးမြည့်နေသည့် သစ်ရွက်များ ပါရှိသည့် မြေများ ၊ သဘာဝ (သို့) လူသားတို့ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသည့် ရေများ၊ ယာယီ (သို့) ထာဝရ တည်ရှိနေသော ရေများ ၊ ရေသေ (သို့) စီးဆင်းနေသော ရေများ ၊ ရေချို (သို့) ရေငန်နှင့် ဒီရေကျချိန်တွင် ၆ မီတာထက် မနက်သော ပင်လယ် ဒီရေတောနှင့် လတာပြင် များကို ဆိုဆိုသည်ဟု မုတ္တမ ရေဝပ် ဒေသအား Ramsar Site သတ်မှတ်ခြင်း ထုတ်ပြန် ကြေငြာချက်၌ အဓိပ္ပာယ် ဖွင့်ဆို ထားပါသည်။
ထိုအခမ်းအနားသို့ မွန်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ လူထု ၆၀၀ ခန့် တက်ရောက် ခဲ့ကြသည်။
အပြည်ပြည် ဆိုင်ရာ အသိအမှတ်ပြု ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေ (Ramsar Site) အဖြစ် သတ်မှတ် နိုင်ရေး အတွက် သတ်မှတ်ချက် ၉ ချက် ရှိသည့် အနက် အချက်တစ်ချက်ချက်နှင့် ကိုက်ညီမှု ရှိပါက နိုင်ငံတကာ အသိအမှတ်ပြု ရေဝပ် ဒေသ အဖြစ် သတ်မှတ်ရန် လျှောက်ထား နိုင်ကာ ယခု အသိအမှတ် ပြုလိုက်သည့် မုတ္တမ ရေဝပ် ဒေသသည် အချက် ၉ ချက် အနက် ၆ ချက်နှင့် ကိုက်ညီမှု ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။
“စံနှုန်းကတော့ ၉ ခုရှိတယ်၊ အခု မုတ္တမ ပင်လယ်ကွေ့ဟာ စံနှုန်း ၉ ခု ထဲမှာ ၆ ခုလောက် သွားဝင်တယ်။ ဒါကြောင့် နိုင်ငံတကာက အလွယ်တကူနဲ့ သတ်မှတ် ပေးနိုင်ခဲ့တယ်” ဟု ဒေါက်တာ မင်းကြည်ဝင်းက ရှင်းပြသည်။
ထိုအချက် ၉ ချက် ထဲတွင် ဇီဝ၊ ဘူမိ ထူးခြားသည့် ဒေသတွင်းမှာ သဘာဝ အတိုင်း တွေ့ရတယ် သို့မဟုတ် သဘာဝ နီးပါး ရှိတဲ့ ထူးခြား ရှားပါးတဲ့ ရေတိမ် ဒေသ၊ ထိခိုက် ပျက်စီး လွယ်သော၊ မျိုးသုဉ်းရန် အန္တရာယ် ရှိနေသော သို့မဟုတ် မျိုးသုန်းလုနီးပါး မျိုးစိတ်များနှင့် ခြိမ်းခြောက်ခြင်း ခံရသော ဂေဟ စနစ်များ ရှိနေသော ရေတိမ်ဒေသ စသော အချက်များ ပါဝင်သည်။
၂၀၁၄ ခုနှစ် ကွင်းဆင်း လေ့လာမှုအရ မြန်မာနိုင်ငံတွင် Ramsar Site အဖြစ် သတ်မှတ်နိုင်သည့် ဒေသ ၉၉ ခု ရှိကာ မွန်ပြည်နယ်တွင် ၁၁ ခု ၊ ရခိုင်ပြည်နယ်တွင် ၃ ခုနှင့် ချင်းတွင်းမြစ်ဝှမ်းနှင့် ဧရာဝတီ မြစ်ဝှမ်းတွင် ၈၅ ခု ရှိကြောင်း ဒေါက်တာ မင်းကြည်ဝင်းက ရှင်းပြသည်။
ကမ္ဘာပေါ်တွင် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ရေဝပ်ဒေသ ထိန်းသိမ်းနယ်မြေ ၂၂၆၅ ခုအား သတ်မှတ်ထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရှိရပါသည်။
မုတ္တမ ရေဝပ် ဒေသအား နိုင်ငံတကာ အသိအမှတ်ပြု ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ် နိုင်ရေး အတွက် မွန်ပြည်နယ် အစိုးရနှင့် Swiss Agency for Development and Cooperation (SDC) က အထောက်အပံ့ပေး နေပြီး HELVETAS မြန်မာ၊ Network Activities Group ၊ အပြည်ြည် ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး အဖွဲ့ (IUCM) ၊ Biodiversity and Nature Conservation Association (BANCA) တို့က ကြိုးပမ်း အကောင်အထည် ဖော်ခဲ့ကြခြင်း ဖြစ်သည်။