တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မဟုတ်သည့် သီးခြား လွှတ်တော် ဝန်ထမ်းများ ခန့်အပ်ရန် ရှိနေပြီး မွန်ပြည်နယ် လွှတ်တော်၌ လာမည့် သြဂုတ် လအမီ လွှတ်တော် ဝန်ထမ်းဦးရေကို ဖွဲ့စည်းပုံအပြည့် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သီးခြားဝန်ထမ်းများ ခန့်အပ်ပြီး လည်ပတ်နိုင်ရန် ဘတ်ဂျက်နှစ်နှင့် လိုက်၍ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ အများဆုံး တနှစ် အချိန်ယူ စုဖွဲ့ကြရန် မေလ ၅ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာပါလီမန် ယူနီယံ (MPU) အစည်းအဝေး၌ အတည်ပြု ခဲ့ခြင်း ဖြစ်သည်။
မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက “မွန်ပြည်နယ် လွှတ်တော်အနေနဲ့ကတော့ လွှတ်တော်ရုံးမှာ ကျန်ခဲ့တဲ့ ဝန်ထမ်းများတယ်၊ အသစ်ထပ်ခန့်ဖို့လည်း အရေအတွက် နည်းတယ်၊ ဒါကြောင့် မွန်ပြည်နယ် လွှတ်တော်က အကြာဆုံး ၃ လ အတွင်းမှာ ကင်းကင်းရှင်းရှင်း ပြီးပြတ်သွားမယ်” ဟု ဧရာဝတီကို ပြောကြားသည်။
ဖွဲ့စည်းပုံအရ မွန်ပြည်နယ်လွှတ်တော်တွင် ဝန်ထမ်း (အမှုထမ်း၊ အရာထမ်း) စုစုပေါင်း ၆၂ ဦး ရှိရမည် ဖြစ်သော်လည်း လက်ရှိတွင် ဝန်ထမ်း ၄၅ ဦးခန့်ဖြင့် လည်ပတ်နေသည်။
၂၀၁၇ ဧပြီလဆန်းတွင် လွှတ်တော်၌ တာဝန်ထမ်းဆောင်နေသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း (အမှု ထမ်း၊ အရာထမ်း) များအား မိခင်ဌာနသို့ ပြန်လိုသည့် ဝန်ထမ်းများနှင့် လွှတ်တော်ဝန်ထမ်းအဖြစ် ဆက်လက် တာဝန် ထမ်းဆောင်လိုသည့် ဝန်ထမ်းများအား သဘောထားကောက်ယူခဲ့ရာ ဝန်ထမ်း ၁၅ ဦးမှာ မိခင် ဌာနသို့ ပြန်လိုကြောင်း ဆန္ဒပြု၍ ကျန်ဝန်ထမ်းများမှာ လွှတ်တော်ဝန်ထမ်းအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် သဘောထား ပေးခဲ့ကြ ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ရှင်းပြသည်။
လာမည့် ဇွန်လ ၇ရက်နေ့၌ ကျင်းပမည့် ဒုတိယအကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးမှ စ၍ သီးခြားလွှတ်တော် ဝန်ထမ်းများအား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကွဲကွဲပြားပြား ဖြစ်စေရန် ယူနီဖောင်းဝတ်စုံများကို သီးခြား ပေးအပ်သွားရန်ရှိကြောင်း သိရသည်။
သီးခြားလွှတ်တော် ဝန်ထမ်းများခန့်အပ်ရာတွင် အမှုထမ်းနှင့် အရာထမ်း နှစ်မျိုးသတ်မှတ်ထားပြီး အမှုထမ်းကို လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ က ရွေးချယ် ခန့်အပ် မည် ဖြစ်ကာ လက်ရှိ အစိုးရဝန်ထမ်း မဟုတ်သူများး ဝင်ရောက် လျှောက်ထားနိုင်ပြီး အရာထမ်းများ ကိုမူ ပြည်သူ့ဝန်ထမ်း ခန့်အပ်ရေး ဥပဒေနှင့်အညီ ရာထူးဝန်အဖွဲ့ကစိစစ် ရွေးချယ်သွားမည် ဖြစ်ကာ လက်ရှိ အစိုးရဝန်ထမ်း မဟုတ်သူများ လျှောက်ထားခွင့် မရှိကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲပြီးနောက် လွှတ်တော် စတင် ဖွဲ့စည်းခဲ့စဉ်၌ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ရယူ၍ လွှတ်တော်ဝန်ထမ်းများအဖြစ် စုဖွဲ့ခဲ့ရပြီး မွန်ပြည်နယ် လွှတ်တော်၏ ပထမ သက်တမ်း ၂၀၁၀-၂၀၁၅ အထိ လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေနှင့် ဒုဥက္ကဋ္ဌ ဦးဌေးလွင်တို့က တာဝန် ယူခဲ့ကာ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၌ ဥက္ကဋ္ဌ အဖြစ် ဒေါ်တင်အိနှင့် ဒုဥက္ကဋ္ဌ အဖြစ် ဒေါက်တာ အောင်နိုင်ဦးတို့က တာဝန်ယူလျက် ရှိသည်။