ကြေးတိုင်အင်းများ ဖျက်သိမ်းခဲ့ခြင်းနှင့် ဒေသခံ ရေလုပ်သားအစုအဖွဲ့များအား အင်းလုပ်ပိုင်ခွင့်များ ချထားပေးခြင်းများကြောင့် ဧရာဝတီတိုင်းရှိ အင်းလုပ်ငန်းရှင် (အင်းသားကြီး) များက တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘဟိန်းအား အရေးယူပေးရန်နှင့် ရာထူးမှ နှုတ်ထွက်ပေးရန် ပုသိမ်မြို့တွင် ယမန်နေ့က ဆန္ဒပြခဲ့ကြရာ ထိုသို့ ဆန္ဒပြသူများကို ကျေးဇူးတင်ကြောင်း ဝန်ကြီးဦးဘဟိန်းက ပြောဆိုလိုက်သည်။
အင်းလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို လုပ်ဆောင်ပေးပါက ယခုနှစ် ငါးဖမ်းရာသီမှာပင် ကျပ်သိန်း ရာထောင်ချီ၍ ချမ်းသာနေပြီဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ ရေလုပ်သားငယ်တို့၏ မျက်နှာကိုကြည့်၍ လုပ်ဆောင်ပေးခဲ့ခြင်းကြောင့် အင်းလုပ်ငန်းရှင်တို့၏ ဆန္ဒပြမှုကို ရင်ဆိုင်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ရေလုပ်ငန်းအပေါ်တွင် အကျင့်ပျက်ခြစားမှုမရှိကြောင်း သက်သေခံပေးသည့် ဆန္ဒပြသူ အင်းလုပ်ငန်းရှင်များကို ကျေးဇူးတင်ကြောင်း ဝန်ကြီး ဦးဘဟိန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျနော်သည် မဟုတ်တာလုပ်မယ်ဆိုရင် ရေလုပ်သားလေးတွေ မျက်နှာကြည့်ပါ့မလား။ သူတို့ (အင်းသားကြီးတွေ) မျက်နှာကြည့်မှာပေါ့။ သူတို့မျက်နှာကြည့်ရင် ဒီနှစ်အင်းရာသီမှာ သိန်းရာဂဏန်း၊ ထောင်ဂဏန်း ကျုပ်အိတ်ထဲကို ထည့်နိုင်နေပြီ။ အဲဒီလိုမဟုတ်ဘဲ ရေလုပ်သားလေးတွေ မျက်နှာကြည့်ပြီး လုပ်ပေးတဲ့အခါကျတော့ ရေလုပ်ငန်းအပေါ်မှာ ကျနော်က မတော်မတရား အကျင့်ပျက်ခြစားမှု မရှိဘူးဆိုတာ သူတို့က အကောင်းဆုံး သက်သေပြတာပါပဲ။ အဲဒီ အတွက် သူတို့တွေကို ကျေးဇူးတင်ကြောင်း ပြောပေးပါ” ဟု ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်းက ဧရာဝတီကို ပြောသည်။
ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ မြို့တော်ခန်းမရှေ့တွင် ယမန်နေ့ နေ့လည်ပိုင်းက ပန်းတနော်၊ သာပေါင်း၊ ကျုံပျော်၊ ဟင်္သာတ၊ မအူပင်စသည့်ဒေသများမှ အင်းလုပ်ငန်းရှင် (အင်းသားကြီး) များ စုစည်း၍ ဝန်ကြီး ဦးဘဟိန်းကို အရေးယူပေးရန်နှင့် နှုတ်ထွက်ပေးရန် စုဝေးဟောပြောခဲ့ကြပြီး လူအင်အား ၃၀၀ ခန့်ဖြင့် ပုသိမ်မြို့ရှိ လူစည်ကားရာနေရာများသို့ လှည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒပြပွဲတွင် ယခင်အစိုးရမှ စည်းကမ်းနှင့်ညီညွတ်၍ ရောင်းချပေးခဲ့သည့် ကြေးတိုင်အင်းများကို ဖျက်သိမ်းသော ဝန်ကြီး ဦးဘဟိန်းအား အရေးယူပေးရန်၊ တရားမဝင် အစုအဖွဲ့များကို အင်းများတိုက်ရိုက် ရောင်းချပေးသည့်အတွက် ဝန်ကြီးအား တာဝန်မှရုပ်သိမ်းပေးရန်၊ ဝန်ကြီး၏ ညွှန်ကြားမှုများကို လုပ်ပေးသည့် တိုင်းငါးလုပ်ငန်း ဦးစီးမှူးနှင့် ဝန်ထမ်းများအား အရေးယူပေးရန်၊ ဥပဒေမဲ့ လုပ်ဆောင်နေသော ဝန်ကြီး ဦးဘဟိန်းနှင့် အလိုတူ အလိုပါ လုပ်ဆောင်နေသော လွှတ်တော်ကိုယ်စားလှယ်များအားလည်း အရေးယူ ပေးရန် စသဖြင့် အင်းသားကြီးများက တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ဝန်ကြီးချုပ် မန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်း အစိုးရအဖွဲ့သစ်လက်ထက်တွင် တန်ဖိုး ကျပ်သိန်း ၄၀ နှင့် သိန်း ၄၀ အောက်အင်းများကို ဒေသခံရေလုပ်သားအစုအဖွဲ့များအား ကြမ်းခင်းဈေးဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း၊ အင်းလုပ်ငန်းကြောင့် လယ်ယာစိုက်ပျိုးမှု အခက်တွေ့စေသည့်အင်းများကို ဒေသခံအစုအဖွဲ့များအား လုပ်ကိုင်ခွင့်ပြုခြင်း၊ တရားဥပဒေစိုးမိုးရေး ထိခိုက်စေသည့်အင်းများကို ကြေးတိုင်ဖျက်သိမ်းခြင်း စသဖြင့် ဆုံးဖြတ်ချက်ချ ဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက်ပိုင်း အင်းလုပ်ငန်းရှင်တို့၏ ဆန္ဒပြမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“ဝန်ကြီး ဦးဘဟိန်းရဲ့ လုပ်ဆောင်ချက်ဟာ ဥပဒေနဲ့ မကိုက်ညီဘူး။ ကြေးတိုင်အင်းတွေကို ၂ နှစ်ကျန်တို့
၃ နှစ်သက်တမ်းတိုးတာတွေကို ခွင့်မပြုတော့ဘူး။ ၁ နှစ် ကျန်တာကျတော့ ပေးတယ်။ ဒါက ဥပဒေနဲ့ လုံးဝမညီဘူး။ သူထင်ရာ သူလုပ်တယ်။ ဒါကြောင့် ဦးဘဟိန်းကို အရေးယူပေးဖို့ နှုတ်ထွက်ပေးဖို့ ဆန္ဒဖော်ထုတ်တာဖြစ်တယ်”ဟု သာပေါင်းမြို့နယ်မှ အင်းလုပ်ငန်းရှင် ဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။
အင်းသားကြီးများအနေဖြင့် ဥပဒေနှင့် မညီသည့်ငါးဖမ်းနည်းများဖြစ်သည့် အင်းထဲရှိငါးများကို အဆိပ်ချ ဖမ်းဆီးခြင်း၊ ရှော့ခ်တိုက်ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့်အတွက် ငါးမျိုးပြုန်းတီးမှုကိုကာကွယ်ရန် ကြေးတိုင်များကို ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးဘဟိန်းက ဆိုသည်။
“ဧရာဝတီတိုင်းမှာ အင်းပေါင်း ၁၇၇၇ အင်း ရှိတယ်။ ဒီအထဲက ၈၀ ရာခိုင်နှုန်းဟာ အင်းသားကြီးတွေ ရတယ်။ ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ပဲ ရေလုပ်သားငယ်လေးတွေ လုပ်ရတာပါ။ အင်းသားကြီးတွေဟာ ရေလုပ်သားငယ် လေးတွေကို ၂၀ ရာခိုင်နှုန်းတောင် မျှမစားစေချင်ဘူးလား။ ဒီလို မေးစရာရှိပါတယ်။ ကျနော်ကတော့ ရေချို ငါးလုပ်ငန်းဥပဒေနဲ့အညီ လုပ်ဆောင်တာဖြစ်တယ်။ လုပ်သမျှလည်း ကက်ဘိနက် (အစိုးရအဖွဲ့ အစည်းအဝေး) ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးဘဟိန်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ရေချိုငါးလုပ်ငန်းအင်းများကို ငွေကြေးချမ်းသာသည့် အင်းသားကြီး (အင်းလုပ်ငန်းရှင်) များက ယခင်အစိုးရအဆက်ဆက် ဆယ်စုနှစ်ချီ၍ ရယူလုပ်ကိုင်ခဲ့ပြီး ချောင်းမြောင်းများကို ပိတ်ဆို့ ငါးဖမ်းခြင်းကြောင့် ဒေသခံ လယ်သမားတို့၏ လယ်များပျက်စီးဆုံးရှုံးခြင်း၊ ဒေသခံတို့ သွားလာရေး ခက်ခဲခြင်းနှင့် အင်းအနီး နေထိုင်သည့် ရေလုပ်သားငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုများ နှစ်စဉ် ပေါ်ပေါက်ခဲ့သည်။
ဝန်ကြီးချုပ် မန်းဂျော်နီ၏ တိုင်းအစိုးရသစ်လက်ထက် ဝန်ကြီး ဦးဘဟိန်း တာဝန်ယူသည့် မွေးမြူရေးဌာန အနေဖြင့် ပြီးခဲ့သည့် ၂၀၁၆ – ၂၀၁၇ ငါးဖမ်းရာသီအတွင်း ရေလုပ်သားငယ်အစုအဖွဲ့ ၂၀၄ ဖွဲ့အား တန်ဖိုးနည်း အင်းများကို ကြမ်းခင်းဈေးဖြင့် ချထားပေးခဲ့ပြီး အဆိုပါရေလုပ်သားအဖွဲ့များမှ အိမ်ထောင်စုပေါင်း ၈၃၇၈ စုအား အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း ဌာန၏စာရင်းများအရ သိရသည်။