မန္တလေးတိုင်း အစိုးရအဖွဲ့ဟောင်းလက်ထက်က ကျန်ရှိခဲ့သည့် ဖွံ့ဖြိုးရေးရန်ပုံငွေများကို တိုင်းစာရင်းစစ်ချုပ်က သေချာစစ်ဆေးမှုပြုရန် နိုင်ငံတော်သမ္မတရုံးက စာပို့ထားကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
“ဒီကိစ္စနဲ့ ပတ်သတ်ပြီး စာရင်းစစ်ချုပ်က ကြပ်ကြပ်မတ်မတ်စစ်ဆေးဖို့ သမ္မတရုံးစာထွက်ထားပါတယ်။
အခုလောလောဆယ် ဒီလောက်ပဲ ပြောနိုင်သေးတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မေလ ၃၀ ရက်က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ တနှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တချို့တိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း၏ ဖွံ့ဖြိုးရေးရန်ပုံငွေ အရှုပ်အရှင်းကိစ္စများ ပြီးခဲ့သည့်လပိုင်းက ဖြစ်ပေါ်ခဲ့သည့်အတွက် ထိုရန်ပုံငွေကိစ္စများအပေါ် သေချာစစ်ဆေးမှုပြုရန် သမ္မတရုံးက မန်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ စာပို့ခြင်းဖြစ်သည်ဟု ဆိုသည်။
သမ္မရုံးက စာပေးပို့ထားမှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက “မန္တလေးတိုင်းမှာက စီမံကိန်းတွေနဲ့ ပတ်သတ်တဲ့ စာချုပ်စာတမ်းကိစ္စတွေကို စစ်ဆေးဖို့ အရေးကြီးနေတော့ အဲဒါတွေကို ဦးစားပေးလုပ်နေရတဲ့အတွက် အဲဒီကိစ္စ (ဖွံ့ဖြိုးရေးရန်ပုံငွေ)ဘက်ကို မလှည့်နိုင်သေးဘူး။
ဒါပေမယ့် အရင်အစိုးရအဖွဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပတ်သတ်ပြီး သုံးခဲ့တဲ့ငွေတွေကို အစိုးရအဖွဲ့ရဲ့ငွေစာရင်းမှာ သွင်းထားတဲ့ အထောက်အထားတွေ ရှိပြီးသားဖြစ်လို့ တခြားတိုင်းတွေလို ဒီကိစ္စတွေ မရှိနိုင်ဘူးလို့ ထင်ရတာပဲ” ဟု ပြောသည်။
မန်းတိုင်းအစိုးရအဖွဲ့ဟောင်းက စည်ပင်သာယာရေး ကော်မတီနှင့် ပုဂ္ဂလိက အကျိုးတူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများတွင် သက်ဆိုင်သည့် ငွေစာရင်းများသို့ သွင်းထားသည့် အထောက်အထားများ ရှိနေခြင်းကြောင့် ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပတ်သတ်သည့် ငွေစာရင်းများကို လက်ရှိတွင် သီးသန့်စိစစ်ခြင်းများ မပြုလုပ်ရသေးဘဲ၊ ယခင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့သည့် စီမံကိန်းများ၏ စာချုပ်စာတမ်းများကို ပြန်လည်စစ်ဆေး၊ ပြင်ဆင်စေခြင်းတို့ကို ဦးစားပေးဆောင်ရွက် နေရကြောင်း မန်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ရှင်းပြသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးရာ ကော်မတီဥက္ကဌ ဦးတင်အောင်က “ ပြီးခဲ့တဲ့အစိုးရ၊ စည်ပင်တို့က ပုဂ္ဂလိက အကျိုးတူလုပ်တဲ့လုပ်ငန်းတွေ ရှိတယ်လို့ကြားတယ်။
အဲဒါတွေနဲ့ ပတ်သတ်ပြီး လက်ရှိအစိုးရက ရှင်းရှင်း ချမပြဘူး။ အဲဒီလုပ်ငန်းတွေကနေ တိုင်းဒေသကြီးအတွက် အကျိုးအမြတ် ဘာတွေရမလဲဆိုတာ စုံစမ်းဖို့ စလုပ်နေပြီ” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ယခင်အစိုးရလက်ထက်က ဖွံ့ဖြိုးရေးရန်ပုံငွေခေါင်းစဉ်ဖြင့် ရရှိခဲ့သော ငွေကြေးများကို လက်ရှိအစိုးရအား လွှဲအပ်ခြင်းမပြုလုပ်ဘဲ ပျောက်ဆုံးနေမှု ဖြစ်ပေါ်ခဲ့သည်။