မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ဖအေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ်ကို သတ်ဖြတ်မှု အတွက် မလေးရှား နိုင်ငံတွင် တရားစွဲဆိုခံနေရသော အမျိုးသမီး ၂ ဦး၏ အမှုကို အင်္ဂါနေ့က ပိုမိုအဆင့်မြင့်သော တရားရုံးသို့ လွှဲပြောင်း ပေးပို့ လိုက်သည် ဟု Reuters သတင်းအရ သိရသည်။ တရားခံများ၏ ရှေ့နေက ၎င်း တောင်းခံသော စာရွက်စာတမ်း အပြည့်အစုံ မရရှိခြင်းကြောင့် ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှား နိုင်ငံသူ စီတီအိုင်ရှား (Siti Aishah) နှင့် အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်နိုင်ငံသူ ဒိုယန်သီဟောင် (Doan Thi Huong) တို့သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွာလာလမ်ပူ လေဆိပ်တွင် ကင်ဂျုံနမ်ကို သတ်ဖြတ်ခြင်း အတွက် အပြစ် ရှိကြောင်း စီရင်ခံရလျှင် သေဒဏ်ကျခံရဖွယ် ရှိသည်။
ထိုအမျိုးသမီး ၂ ဦးတို့သည် ကင်၏ မျက်နှာကို လူအစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်အဖြစ် ကုလသမဂ္ဂ က သတ်မှတ်ထားသည့် VX အာရုံကြော ဓာတ်ငွေ့ သုတ်လိမ်းခဲ့သည် ဟု စွပ်စွဲခံထားရသည်။
အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေးများ၏ အဆိုအရ မြောက်ကိုရီးယား ခေါင်းဆေင် ကင်ဂျုံအန်၏ စေခိုင်းချက်အရ လုပ်ဆောင်သော ထို လုပ်ကြံသတ်ဖြတ်မှုတွင် ၎င်းတို့ ၂ ဦးသည် အသိမဲ့ပါဝင်ခဲ့သည့် နယ်ရုပ်များသာ ဖြစ်သည် ဟု ထို အမျိုးသမီး ၂ ဦးတို့က ၎င်းတို့နိုင်ငံများမှ သံတမန်များကို ပြောခဲ့ကြသည်။
ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ သားအကြီးဆုံး ဖြစ်သူ ကင်ဂျုံနမ်သည် အထီးကျန် နျူကလီးယားနိုင်ငံကို သူ၏ မိသားစုက ပဒေသရာဇ်သဖွယ် ထိန်းချုပ်ထားခြင်းကို လူသိရှင်ကြား ဝေဖန်ခဲ့သူ ဖြစ်သည်။
အိုင်ရှားနှင့် သီဟောင်တို့ကို မတ်လ ၁ ရက်နေ့တွင် စွဲချက်တင်ခဲ့သော်လည်း လိုအပ်သော စာရွက်စာတမ်းများ စုဆောင်း နေစဉ်အတွင်း ပိုမိုအဆင့်မြင့်သော တရာရုံးသို့ လွှဲပြောင်းပေးရန် အစိုးရရှေ့နေ၏ တောင်းဆိုမှုကို ဆီပန် ခရိုင်တရားရုံးက ၂ ကြိမ် ဆိုင်းငံ့ထားခဲ့သည်။
လွန်ခဲ့သော အင်္ဂါနေ့က ထို ခရိုင်ရုံးမှ တရားသူကြီးက အမှုကို ရှားအလမ် တရားရုံးချုပ်သို့ လွှဲပြောင်းပေးပို့ခဲ့သည်။ ထို ရုံးတွင် ပထမဆုံး ရုံးချိန်းမည့် ရက်စွဲကို မသိရသေးသော်လည်း တရားရုံး အနေဖြင့် ၎င်းတို့ကို ၁ လအတွင်း အကြောင်းကြား သင့်သည်ဟု ရှေ့နေ အစ္စကန်ဒါ အာမက် က သတင်းထောက်များကို ပြောသည်။
အိုင်ရှားနှင့် သီဟောင် ၎င်းတို့၏ တတိယ ရုံးချိန်း ကြားနာစဉ်က လာရောက်ခဲ့ကြပြီး ၂ ဦးလုံးသည် ကျည်ကာအင်္ကျီများ ဝတ်ဆင်ထားခဲ့ကြသည်။
ရဲနှင့် အစိုးရ ရှေ့နေများက အမှုအတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် အထောက်အထားများကို တရားခံဘက်က လိုက်ပါ ဆောင်ရွက်မည့် ရှေ့နေများထံ ပေးအပ်ခြင်း မရှိသေးကြောင်း အိုင်ရှား၏ ရှေ့နေ ဂိုင်ဆွန်းဆန် (Gooi Soon Seng) က ပြောသည်။
“တရားမျှတတဲ့ တရားခွင်ဆိုတာ ခုခံကာကွယ်မယ့် ဘက်ကို လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စောနိုင်သမျှ စောစော ပေးအပ်ရမယ်” သူက Reuters သို့ ပြောသည်။
အကာအကွယ်မဲ့ စေမည့် အလစ်အငိုက် တရားခွင်မျိုး ဖြစ်မည်ကို စိုးရိမ်ကြောင်းနှင့် စီစီတီဗွီ မှတ်တမ်းနှင့် အခြား သံသယရှိသူများ၏ ထွက်ဆိုချက်များကို ရဲတပ်ဖွဲ့ထံမှ တောင်းခံခဲ့သော် တုံ့ပြန်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။
မြောက်ကိုရီးယားမှ ပြန်လည် ထွက်ခွာခွင့် ပိတ်ပင်ထားခြင်း ခံရသော မလေးရှားနိုင်ငံသား ၉ ဦးတို့နှင့် အလဲအလှယ် အဖြစ် သံတမန်တဦး အပါအဝင် သံသယရှိသူ မြောက်ကိုရီးယား ၃ ဦးတို့ကို လွန်ခဲ့သော မတ်လက ကင်ဂျုံနမ်၏ အလောင်းနှင့် အတူ နေရပ်ပြန်ခွင့် ပြုခဲ့သည်။
မြောက်ကိုရီးယား ၄ ဦးတို့ကို မလေးရှားနိုင်ငံက သံသယရှိသူများ အဖြစ် သတ်မှတ်ခဲ့သည်။ ထို ၄ ဦးတို့သည် သတ်ဖြတ်မှု ဖြစ်ပွားသည့် နေ့တွင် ကွာလာလမ်ပူမှ ပြုံယမ်းသို့ ပြန်လည် ထွက်ခွာသွားသည် ဟု မလေးရှားရဲတပ်ဖွဲ့က ပြောသည်။
ထို လုပ်ကြံသတ်ဖြတ်ခံရသူသည် ကင်ဂျုံအွန်၏ အဖေတူအမေကွဲ အစ်ကို ဖြစ်သည် ဟူသော အချက်ကို မြောက်ကိုရီးယားက လက်မခံဘဲ သေဆုံးသူသည် နှလုံးရောဂါကြောင့် သေဆုံးရသည် ဟုလည်း ပြောသည်။ မလေးရှားသည် တောင်ကိုရီးယားနှင့် အခြားရန်သူ အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်နေသည် ဟု မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။