သတင်း

ရခိုင်အရေးအပေါ် ကုလ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မြန်မာအစိုးရ လက်မခံ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မှ မွတ်စလင်များကို လုံခြုံရေးတပ်ဖွဲ့များက ညှဉ်းပန်း နှိပ်စက် သတ်ဖြတ် အဓမ္မပြုကျင့်သည် ဆိုသော စွပ်စွဲချက်များအပေါ် အိန္ဒိယနိုင်ငံမှ လူ့အခွင့်အရေးရှေ့နေတဦးနှင့် အခြား ကျွမ်းကျင်သူ ၂ ဦးတို့ ပါဝင် စုံစမ်း စစ်ဆေးမည့် အချက်အလက်ရှာဖွေရေး အဖွဲ့ကို ယမန်နေ့က ဖွဲ့စည်းလိုက်သော်လည်း မြန်မာအစိုးရက လက်ခံမည်မဟုတ်ကြောင်း သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက “သူတို့ကလည်း Resolution (ဆုံးဖြတ်ချက်) အရ ဆက်လုပ်လာတယ်။ ကျနော်တို့ကလည်း Statement (ထုတ်ပြန်ချက်) အရပဲ ဆက်လက် ရပ်တည်မှာပါ။ မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့အတိုင်းပဲ ဆက်လက်ရပ်တည်မှာ ဖြစ်တဲ့အတွက် သူတို့ ထုတ်ပြန်ချက် အရ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကောင်အထည်ဖော်တဲ့ ကိစ္စတွေကိုလည်း လက်ခံမှာ မဟုတ်ပါဘူး”ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် သီးခြား အကြံပေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာလိုအပ်ပြီး ယင်းအစီရင်ခံစာ ထွက်လာပါက ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ မောင်တော အကြမ်းဖက် တိုက်ခိုက်မှု စုံစမ်း စစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေ၏ ကော်မရှင်အစီရင်ခံစာ ထွက်ရှိ လာမှုအပေါ် မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည် ဆိုသည့် စွပ်စွဲချက်များအပေါ် စုံစမ်း စစ်ဆေးမည့် အချက်အလက် ဖော်ထုတ်ရေး အဖွဲ့တဖွဲ့ လိုအပ်ကြောင်း ကုလသမဂ္ဂ၏ မတ်လအတွင်း ထုတ်ပြန်ချက်ကိုလည်း မြန်မာအစိုးရက ကန့်ကွက်ခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတစောင်တွင် လည်း မြန်မာ လုံခြုံရေး တပ်ဖွဲ့များသည် လူသားထုတရပ်လုံးအပေါ် ကျူးလွန်သော ရာဇဝတ် မှု နှင့် ဖြစ်နိုင်ခြေ ရှိသော လူမျိုးတုံး သတ်ဖြတ်မှု ဆန်ဆန် စစ်ဆင်ရေးတခု အတွင်း မွတ်စလင်များကို အစုလိုက် သတ်ဖြတ် မုဒိမ်းကျင့်ခဲ့သည်ဟု ဖော်ပြထားခဲ့သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ လည်းဖြစ် နိုင် ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များကိုသာ လက်ခံသွားမည်ဖြစ်ပြီး အခြား မည်သည့်အကြံပြုချက်မဆို အသိုင်းအဝိုင်းများ ကြား သွေးကွဲစေလိမ့်မည်ဟု ပြောကြားထားသည်။

ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တောခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကလည်း “အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုက ထုတ်ပြန်ထားတာကို မယုံကြည်ဘဲ ကိုယ်တိုင်လာကြည့် ရအောင် မဟုတ်တာတွေ ထုတ်ပြန်ထားတာမှ မဟုတ်တာ။ မဟုတ်တာ မလုပ်ရင် ဝင်ခွင့်ပေး လို့ ပြောလာရင်လည်း ဘာဆိုင်လို့ ဝင်ခွင့်ပေးရမှာလဲ။ ကိုယ့်နိုင်ငံ ကိစ္စ ကိုယ့်ဘာသာပဲ လုပ်လို့ရတယ်။ ကုလသမဂ္ဂ အနေနဲ့ ခုံဖွဲ့စရာ အကြောင်းကို မရှိတာ”ဟု ဧရာဝတီသို့ ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အချက်အလက် ရှာဖွေရေး အဖွဲ့တွင် အစိုးရက တာဝန်ပေး သူ မပါဘဲ ၎င်းတို့ အစီအစဉ်ဖြင့် လာရောက်လိုခြင်းသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံတခု အနေဖြင့် လက်ခံ၍ မရကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် ကိုဖီအာနန် ကော်မရှင်၊ ဒုသမ္မတ ဦးမြင့်ဆွေ၏ ကော်မရှင် အစီရင်ခံစာများကို စောင့်ကြည့်သင့်ကြောင်း ၎င်းက အကြံပြုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading