“မိုရာ”မုန်တိုင်း အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်နှင့် ချင်းပြည်နယ်မှ မြို့၈ မြို့နယ်မှ ဝန်ထမ်းအိမ်ရာ၊ ကျောင်း၊ ဈေးနှင့် နေအိမ် ရာချီပြီး ပြိုကျပျက်စီးခဲ့ပြီး၊ ချင်ပြည်နယ်တွင် လူ ၃ ဦး သေဆုံးခဲ့ပြီး၊ လူ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ စာရင်းများအရ စစ်တွေမြို့နယ်ရှိ အစိုးရ အဆောက်အအုံ ၉ ခုနှင့် နေအိမ် ၁၆၅ လုံး ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်း၊ တစိတ်တပိုင်း ပျက်စီးသည့်အပြင့် သက်က္ကယ်ပြင် ကျေးရွာရှိ ဒုက္ခသည်စခန်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ မုန်တိုင်းကြောင့် ပေါက်တောမြို့နယ်ရှိ ရုံးအဆောက်အအုံ ၃ လုံး၊ စာသင်ဆောင် ၁ လုံး၊ IDP စခန်းရှိ ဆန်ဂိုဒေါင် ၁ လုံး၊ လူနေ ၈ ခန်းတွဲ တန်းလျား ၄ လုံး ပျက်စီးခဲ့သည်။ ရသေ့တောင် မြို့နယ်တွင်လည်း ဘာသာရေး အဆောက်အအုံ ၃ ခု၊ နေအိမ် ၁၆၅ ခု၊ ဆန်စက် ၃ ခု၊ မူလွန်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာများ အမိုးလန်ပျက်စီးခဲ့သည်။
မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ အမိုးလန်ပျက်စီးခဲ့ပြီး ကျောက်ဖြူမြို့နယ်ရှိ ရေငံတားတာ ၆ ပေခန့် နိမ့်ကျခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ချင်းပြည်နယ် ဟားခါးမြို့တွင် မြေပြိုမှုကြောင့် အိမ်ထောင်စုု ၄ စု ရွှေ့ပြောင်းခဲ့ရပြီး၊ မြို့ပေါ်ရှိလူနေအိမ် ၂၀ နှင့် ကျောင်း ၂ ကျောင်း အမိုုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထုတ်ပြန်ထားသည်။
ထို့အပြင် ချင်းပြည်နယ်ရှိ ထန်တလန်၊ ဖလမ်း၊ ရိခေါဒါရ်၊ တီးတိန်၊ မင်းတပ်စသည့် မြို့များတွင်လည်း လူနေအိမ်များ၊ ဈေး၊ စာသင်ကျောင်း၊ ဝန်ထမ်းအိမ်ရာ၊ ဘုရားကျောင်းများ ပျက်စီးခဲ့ရာ သက်ဆိုုင်ရာလမ်းပိုင်းအလိုုက် တာဝန်ယူထားသည့် ကုုမ္ဗဏီများက ရှင်းလင်းဖယ်ရှားလျက်ရှိကြောင်း ဝန်ကြီးဆလိုင်းအိုက်ဇက်ခင်၏ လူမှုကွန်ရက်ပေါ်တွင် ဆက်လက် ဖော်ပြထားသည်။
မုန်တိုင်းအရှိန်ကြောင့် ချင်းပြည်နယ် မတူပီမြို့မှ ၁၈ မိုုင် အကွာတွင် ကားတစီးလမ်းချော်ပြုတ်ကျသဖြင့် လူ ၂ ဦး သေဆုံုးခဲ့ပြီး ၃ ဦး အပြင်းအထန် ဒါဏ်ရာရခဲ့ကြောင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့တွင် မေလ ၃၀ ရက်က လေပြင်းတိုုက်ခတ်မှုကြောင့် သစ်ကိုုင်းကျိုးကျ၍ အမျိုးသမီး ၁ ဦး သေဆုံုးခဲ့သည်ဟု ဝန်ကြီး၏လူမှုကွန်ရက်ပေါ်တွင် ဆက်ရေးသားထားသည်။
ပျက်စီးဆုံးမှု အခြေအနေများကို ဆက်လက်စိစစ်ဆဲ ဖြစ်ကြောင်းနှင့် လိုအပ်သည့် ထောက်ပံ့မှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိုရာ” သည် မေလ ၂၉ ရက် ညပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နှင့် ကော့ဘဇားမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လေပြင်းများ တိုက်ခတ်ခဲ့ပြီး ရေကြီးမြေပြိုမှု တချို့ဖြစ်ပေါ်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။