မော်လမြိုင်မြို့ ဧရာဝတီဘဏ်ခွဲ ၁ ၏ ATM စက်တွင် ကတ်အတုဖြင့် ပိုက်ဆံ ၁၅ သိန်းကျော် ထုတ်ယူ သွားသည့် တရားခံဟု ယူဆရသူအား မေလ ၃၀ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖမ်းဆီး ရမိခဲ့ပြီး လက်ရှိတွင် CID သို့ လွှဲအပ် ပေးထားပြီး ဆက်လက် စုံစမ်း စစ်ဆေး နေကြောင်း မော်လမြိုင် မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မောင်မောင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
“သူ့ကို ညနေ ၇ နာရီ ဝန်းကျင်မှာ သူ့အိမ်မှာ ဖမ်းဆီး ရမိခဲ့တယ်၊ အခင်း ဖြစ်တုန်းက ထုတ်တဲ့ ကတ်ကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်၊ လက်ရှိ ဧရာဝတီဘဏ်မှာ ဖွင့်ထားတဲ့ ကတ်အစစ် တခုရယ်၊ အဲဒီ လိမ်ထုတ်တဲ့ ကတ်တကတ်ရယ် ဖမ်းဆီး ရမိခဲ့ပါတယ်” ဟု ဒုရဲမှူး မောင်မောင်က အတည်ပြု ပြောသည်။
CCTV မှတ်တမ်း များနှင့် တိုက်ဆိုင် စစ်ဆေးပြီး နောက်တွင် တရားခံဟု ယူဆ ရသူသည် မော်လမြိုင်မြို့ အောက်လမ်းမကြီး ၊ မရမ်းကုန်း ရပ်ကွက်တွင် နေထိုင်သည့် မြို့ခံ ဖြစ်သည့် အသက် ၂၂ အရွယ် မောင်ကောင်းမြတ်ကိုကို အား တရားခံဟု သံသယ ရှိသဖြင့် သွားရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးစဉ်၌ မော်လမြိုင် မြို့မ ရဲစခန်း တပ်ဖွဲ့ဝင်များ၊ မော်လမြိုင် မှုခင်း တပ်ဖွဲ့ CID တပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှုခင်း အကူဌာနစုက တပ်ဖွဲ့ဝင် များလည်း ပူးပေါင်း ပါဝင် ခဲ့သည်။
မောင်ကောင်းမြတ်ကိုကိုသည် မော်လမြိုင် ကမ်းနားလမ်းရှိ ဧရာဝတီ ဘဏ်ခွဲ ၁ မှ မတ်၊ ဧပြီ ၊ မေလ တို့တွင် ကဒ်အတုဖြင့် ATM စက်တွင်းမှ ပိုက်ဆံ ၁၅ သိန်းကျော်အား ထုတ်ယူ ခဲ့ကြောင်း၊ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ ဧရာဝတီ ဘဏ်ခွဲ ၂ ၌ ငွေကျပ် ၁၂ သိန်းခန့်အား ထုတ်ယူ သွားခဲ့ကြောင်း သိရှိရသဖြင့် ဘဏ်တာဝန်ရှိသူများက ပုဒ်မ ၃၈၀/ ၄၆၀ ဖြင့်ပင် ပုပွန် ရဲစခန်း၌ လာရောက်၌ အမှုဖွင့် ထားခဲ့ကြောင်း ရဲမှတ်တမ်း များအရ သိရှိ ရသည်။
“ကတ်အတုနဲ့ ပိုက်ဆံ လာထုတ်ထားတယ် ဆိုပြီး ဘဏ်က အမှု လာဖွင့် ထားတာတော့ ရှိပါတယ်။ အချက်အလက်တွေ ကိုတော့ ကျနော်တို့ ပေးလို့ မရဘူး ခင်ဗျ။ ဘဏ်ကနေပြီးတော့ သတင်း ပေါက်ကြားမှာ စိုးလို့ ဆိုပြီးတော့လေ” ဟု ရဲအုပ် သန်းမြင့်က ပြောကြားသည်။
ထိုသို့ ကတ်အတုဖြင့် ATM စက်မှ ပိုက်ဆံ ထုတ်သွားကြောင်း စစ်ဆေး တွေ့ရှိ ခဲ့ပြီးနောက်တွင် ဧရာဝတီ ဘဏ်မှ မွန်ပြည်နယ် လက်ထောက် အထွေထွေ မန်နေဂျာ ဒေါ်ယုယုအောင်က တရားလို ပြု၍ မေလ ၂၂ ရက်နေ့တွင် ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ၄၆၈ ဖြင့် မော်လမြိုင် မြို့မ ရဲစခန်းသို့ လာရောက်၍ အမှုဖွင့် ထားခဲ့ပြီး တပတ် အကြာ၌ ယခုကဲ့သို့ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီး ရမိထားသည့် တရားခံဟု ယူဆရသူအား မော်လမြိုင် မှုခင်း တပ်ဖွဲ့ CID အား လွှဲအပ် ထားပြီး CID မှ ဆက်လက် စုံစမ်း စစ်ဆေး နေကာ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ၄၆၈ တို့အပြင် အီလက် ထရောနစ် အက်ဖြင့်လည်း ထပ်မံ၍ အမှုဖွင့် အရေးယူ သွားဖွယ် ရှိနေကြောင်း မော်လမြိုင် မြို့မ ရဲစခန်းမှ ဒုရဲမှူး မောင်မောင်က သုံးသပ် ပြောဆိုသည်။