ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ရုပ်ရှင်ရုံများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့က စီမံဆောင်ရွက်ရန် တောင်းဆိုလာပါက လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောသည်။
ဝန်ကြီးဒေါက်တာဖေမြင့်က “ ရုပ်ရှင်ရုံတို့လို စက်ရုံတို့လို လုပ်ငန်းမျိုးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက စီမံခန့်ခွဲခွင့်မျိုးပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား(၂) ထဲမှာ ဒီဥပဒေပါတယ်။ အဲဒါကို အကြောင်းပြပြီး ရုပ်ရှင်ရုံစီမံခန့်ခွဲရေးတွေ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက တောင်းဆိုရင် သူတို့ကို လွှဲပြောင်းပေးဖို့ရှိတယ်” ဟု ပြောသည်။
ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) လွှတ်တော်ကိုယ်စားလှယ် ဒေါ်လွီးဇာက ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သီရိရုပ်ရှင်ရုံသည် လက်ရှိတွင် ပြသခြင်း၊ ပြုပြင်ခြင်း မရှိသည့်အတွက် ပြန်လည်မွမ်းမံ ဖွင့်လှစ်ရန် အစီအစဉ် ရှိမရှိကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ရုပ်မြင်သံကြားကတဆင့် သတင်းအချက်အလက်များ ထုတ်ပြန်ပေးရန် လိုအပ်သော်လည်း ပြည်သူအများ အပန်းဖြေနိုင်ရန် ရုပ်ရှင်ရုံများ လိုအပ်ကြောင်းနှင့် ပြည်နယ်နှင့် တိုင်းများရှိ ရုပ်ရှင်ရုံတချို့ကို နိုင်ငံပိုင်ရုပ်ရှင်ရုံ အဖြစ်မှ ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုထားရာတွင် အခြားစီးပွားရေး လုပ်ငန်းတခုခုနှင့် ယှဉ်တွဲလုပ်ကိုင်နေသည်များကို တွေ့ရသည်ဟု ဒေါ်လွီးဇာက ဆက်ပြောသည်။
အဆိုပါမေးမြန်းချက်အပေါ် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ရုပ်ရှင်ရုံများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ လုပ်ပိုင်ခွင့် အပ်နှင်းသွားမည်ဖြစ်ပြီး၊ လွိုင်ကော်မြို့နယ်ရှိ သီရိရုပ်ရှင်ရုံ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကယားပြည်နယ် အစိုးရအဖွဲ့သို့ ညွှန်ကြားထားပြီးဖြစ်သည်ဟု လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။
ဒေါက်တာဖေမြင့်က “ ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်ရုံများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများသို့ လွှဲပြောင်းပေးဖို့ အစီအစဉ်ရှိတဲ့အတွက် လွိုင်ကော်မြို့နယ် သီရိရုပ်ရှင်ရုံအတွက်လည်း ကယားပြည်နယ် အစိုးရအဖွဲ့ကို လွှဲပြောင်းပေးနိုင်ရေး ၊ ရုပ်ရှင်ရုံပတ်ဝန်းကျင် ခေတ်မီအဆောက်အအုံ တည်ဆောက်နိုုင်ရေးအတွက် မြေနေရာစီမံခန့်ခွဲရေးကိစ္စများကို ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ဖို့ ကယားပြည်နယ် အစိုးရအဖွဲ့ကို ညွှန်ကြားထားပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လက်ရှိပြသလျက်ရှိသည့် ရုပ်ရှင်ရုံ စုစုပေါင်း ၇၆ ရုံ၊ ဝန်ကြီးဌာနပိုင် ရုပ်ရှင်ရုံ ၂၇ ရုံ ရှိပြီး၊ ပြသမှုမရှိသည့် ရုပ်ရှင်ရုံအဆောက်အအုံဟောင်းများလည်းရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောသည်။
ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က “နိုင်ငံတော်ပိုင်က သိပ်မရှိတော့ဘူး၊ ပုဂ္ဂလိကပိုင်တွေပဲ များတာပေါ့။ ပြည်နယ်နဲ့ တိုင်းတွေအားလုံးမှာ ရုပ်ရှင်ရုံတွေ ရှိတယ်” ဟု ပြောသည်။