မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်ခဲ့သည်ဟု ဖော်ပြထားသော ဗီဒီယိုတခု ပြီးခဲ့သည့် သတင်းပတ် ကုန် ရက်များ အတွင်းက Facebook တွင် ပျံံ့နှံ့ခဲ့ခြင်း အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက မေလ ၃၁ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
မေလ ၂၇ ရက်နေ့တွင် အွန်လိုင်းပေါ်သို့ ရောက်ရှိခဲ့သည့် ၁၇ မိနစ်ကြာဗီဒီယိုတွင် မြန်မာ့တပ်မတော်က အရပ်ဝတ် ၄ ဦး ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်သော တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲပြီး နှိပ်စက်ညှဉ်းပမ်းသည်ကို တွေ့ရသည်။
အဆိုပါ အဖြစ်အပျက်သည် ၂၀၁၅ ခုနှစ် အတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ တပ်သားတဦးနှင့် အခြားအရပ်သားများ ဖမ်းဆီး နှိပ်စက်ခံရခြင်း ဖြစ်သည်ဟု TNLA က မေလ ၃၀ ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။ အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုတခု ပြုလုပ်ရန်လည်း နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။
မြန်မာ အစိုးရက လူ့အခွင့်အရေးကို လေးစားကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ ထပ်မံပြောကြားခဲ့ပြီး လူ့အခွင့် အရေးချိုးဖောက်မှု မှန်သမျှကို စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ အကယ်၍ စုံစမ်းစစ်ဆေးမှု များအရ စွပ်စွဲမှုများ မှန်ကန်ကြောင်း တွေ့ရှိခဲ့မည် ဆိုလျှင် တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူမှုများ ပြုလုပ်သွားမည် ဟုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးကပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးကို ဧရာဝတီက ဆက်သွယ်၍ စုံစမ်းစစ်ဆေးမှုက မည်မျှကြာမြင့်နိုင်သည်ကို မေးမြန်းသည့်အခါ သူက မြန်မာတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူထံသာ မေးမြန်းရန် ဧရာဝတီသို့ ပြောကြားခဲ့သည်။ ဧရာဝတီက တပ်မတော် ပြောရေးဆိုခွင့် ရှိသူများထံသို့ ဆက်သွယ်မေးမြန်းသည့် အခါ ယခုသတင်းရေးသားသည့် အချိန်အထိ မှတ်ချက် တစုံတရာ ပြန်လည်မရရှိသေးပါ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ တရားဝင် Facebook စာမျက်နှာတွင် “ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင် မြို့နယ် အတွင်း ဖမ်းဆီး ရမိခဲ့သည့် အရပ်ဝတ် အကြမ်းဖက် သောင်းကျန်းသူ ၄ ဦးကို တပ်မတော်သား တချို့မှ ကိုယ်ထိ လက်ရောက် ပြုမူနေသည့် လူမှုမီဒီယာပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများက စိစစ်လျှက် ရှိကြောင်း နှင့် ဖြစ်စဉ် မှန်ကန်ပါက ဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်း” ဖော်ပြထားသည်။