ကယားပြည်နယ် လွိုင်ကော်မြို့ အခြေစိုက် ကန္တာရဝတီတိုင်း(မ်)မှ အမျိုးသမီး သတင်းထောက် မော်ဦးမြာသည် လွိုင်ကော်-ဒီးမော့ဆိုသွား ကားလမ်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကြောင့် သတိလစ် မေ့မြောနေရာမှ သတိပြန်လည် ရလာပြီ ဖြစ်သော်လည်း တပတ်ပြည့်သည် အထိ စကားပြောနိုင်ခြင်း မရှိသေးကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
မော်ဦးမြာ၏ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူက “သတိတော့ ရလာပြီ။ စကားကောင်းကောင်း ပြောနိုင်မယ့်ပုံ မပေါ်သေးဘူး။ နည်းနည်းပဲ ဟနိုင်သေးတယ်။ တခွန်း နှစ်ခွန်းလောက်ပဲ ပြောနိုင်သေးတယ်။ နောက်ပြီး သူစိမ်းလူတွေဆို နည်းနည်း ကြောက်နေ တဲ့ပုံမျိုး ထိတ်လန့်ပြီး စိတ်ဒဏ်ရာရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ပြင်ပဒဏ်ရာတော့ သိပ်မတွေ့ဘူး” ဟု ဧရာဝတီ ကို ပြောသည်။
ဖြစ်စဉ်မှာ မေလ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်တွင် လွိုင်ကော်မှ ဒီးမော့ဆိုသို့ အပြန်လမ်း တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားနှစ်ဦး ပါသည့် ကားတစီးသည် မော်ဦးမြာနှင့် အဖော်တယောက် စီးနင်းလာသော ဆိုင်ကယ်ရှေ့တွင် ကန့်လန့် ဖြတ် ရပ်ကာ ခြိမ်းခြောက်ပြော ဆိုမှုများ ပြုလုပ်ပြီး ကာယကံရှင်၏ သဘောထား ဆန္ဒမပါဘဲ ကားပေါ် ဆွဲတင် မောင်းနှင် ခဲ့ရာမှ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မော်ဦးမြာ၏အဖော်အဖြစ် လိုက်ပါလာသူက ရဲစခန်းတွင် ထွက်ဆို ထားသည်ဟု ၎င်းက ရှင်းပြသည်။
ယာဉ်မတော်တဆမှုကြောင့် မော်ဦးမြာသည် သတိမေ့မြောသွားသည့်အတွက် ဒီးမော့ ဆိုဆေးရုံကြီးတွင် အရေးပေါ် ကုသမှု ပြုလုပ်ခဲ့ပြီး ညတွင်းချင်းပင် လွိုင်ကော်မြို့ အထွေထွေ ကုသရေး ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ပို့ဆောင် ကုသခဲ့ရပြီး ၃ ရက်မြောက်အထိ လူနာသည် မျက်လုံးဖွင့်သော်လည်း စကားပြောနိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်ခြင်း၊ အစား အစာ စားသောက်နိုင်ခြင်းတို့ မရှိသေးဘဲ မကြာခဏ ထိတ်လန့်နေသည်ကို တွေ့ရကြောင်း ကန္တာရဝတီ တိုင်း(မ်) က မေလ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ယခုအခါ ကားတင်ပြေးသည်ဟု စွပ်စွဲခံရသူနှစ်ဦးကို ဒီးမော့ဆို မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ပုဒ်မ ၃၃၇/၃၃၈ (ယာဉ် မဆင်မခြင်မောင်းနှင်မှု)၊ ပုဒ်မ ၃၆၆/၅၀၆/၁၁၄ (အုပ်ထိန်းသူလက်အောက်မှ အတင်းအဓမ္မ ဆွဲယူ ခေါ်ဆောင်သွားခြင်း၊ ခြိမ်းခြောက်ခြင်း၊ အားပေးကူညီမှု)တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ဒီးမော့ဆိုမြို့မရဲစခန်းမှ ဒုရဲအုပ် ဗျားရယ်က ဧရာဝတီကို ပြောသည်။
ဒုရဲအုပ်ဗျားရယ်က “နစ်နာသူ မမော်ဦးမြာ ထွက်ဆိုပြီးမှပဲ အဖြေက သေချာသိရမှာပါ။ လူနာအခြေအနေက သတိရပေမယ့် စကားပြောတာ လုံးဝ အသံမထွက်နိုင်သေးဘူး။ သူ့ဆီက ထွက်ချက်တော့ မရနိုင်သေးဘူး ဖြစ်နေတယ်။ ပြင်ပဒဏ်ရာတွေ တော့ လုံးဝမတွေ့ ဘူး။ ကြောက်စိတ် မပျောက်သေးတဲ့ ပုံစံမျိုးဖြစ်နေတယ်။ သေချာတော့ မပြောတတ်ဘူး။ ဆေးစာ ကျ လာပြီးမှပဲ ပြောတတ်မယ် ” ဟု ရှင်းပြသည်။
ရဲစခန်းတွင် ဖမ်းဆီးထားသည့် နှစ်ဦးအနက် တဦးမှာ လွိုင်ကော်မြို့နယ်နေ ဦးစိန်ဝင်းဆိုသူဖြစ်ပြီး ၎င်းသည် ကယားပြည် နယ် လွှတ်တော်ကော်မတီတခု၏ အဖွဲ့ဝင်တဦးဖြစ်ကြောင်း၊ မော်ဦးမြာနှင့် ယခင်ကသိကျွမ်းမှု ရှိခဲ့သည့် ပုံစံမျိုးရှိကြောင်း၊ တခြားသော နောက်ကြောင်းကိစ္စများကိုလည်း ဆက်လက်စုံစမ်းနေကြောင်း၊ မည်သို့ပင်ဖြစ်စေ ဥပဒေအရ အမှန်အတိုင်း ဖြစ်စေ လိုကြောင်း မော်ဦးမြာ၏ လုပ်ဖော်ကိုင်ဖက်က ပြောသည်။
ကန္တာရဝတီတိုင်း(မ်)အယ်ဒီတာ ကယားထဲက “အမျိုးသမီးငယ်တွေရဲ့ ရိုးသားမှုအပေါ်မှာ အခွင့်ကောင်း ယူပြီးတော့မှ ယုတ်မာတယ်လို့ပဲ ကျမ မြင်တယ်။ ဒီအမှုကို လာဘ်ပေးလာဘ်ယူမှု မရှိဘဲ တရားဥပဒေအတိုင်း စီရင်ချက် ချစေချင်တယ်” ဟု ပြောသည်။
နယူးယောက်အခြေစိုက် စာနယ်ဇင်းသမားများ စောင့်ရှောက်ရေးကော်မတီ (CPJ) အပါအဝင် နိုင်ငံတကာစာနယ်ဇင်း အဖွဲ့အစည်းများကလည်း မြန်မာအစိုးရအား ယင်းကိစ္စနှင့်ပတ်သက်ပြီး အလေးထား ဆောင်ရွက်ပေးရန် တောင်းဆိုထားခဲ့သည်။
ကန္တာရဝတီတိုင်း(မ်)၏ အမျိုးသမီးသတင်းထောက် မော်ဦးမြာသည် ကယား(ကရင်နီ)ပြည်နယ်မှ ငြိမ်းချမ်းရေးဖြစ်စဉ်၊ လွှတ်တော်စောင့်ကြည့်ရေး၊ နိုင်ငံရေး၊ အမျိုးသမီးရေး၊ မြေယာကိစ္စ၊ စီးပွားရေးနှင့် ကျန်းမာရေးစသည့် သတင်းများကို တလနှစ်ကြိမ် ထုတ်ဝေသည့် ကန္တာရဝတီတိုင်း(မ်)ဂျာနယ်တွင် ရေးသားနေသူ(အချိန်ပြည့်ဝန်ထမ်း)ဖြစ်ကြောင်း သိရသည်။