မြန်မာ့စပါးအုံးမြွေအမည်ဖြင့် ထင်ရှားသည့် အောင်လအန်ဆန်နှင့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရုရှနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ် (Vitaly Bigdash) တို့ မကျေပွဲ ပြန်လည်ထိုးသတ်မည့်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်း၌ ဇွန်လ ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ ယခုနှစ် ဇန်နဝါရီလပိုင်းက အင်ဒိုနီးရှားနိုင်ငံတွင် ထိုးသတ်ခဲ့သည့်ပွဲတွင် ပွဲချိန်ပြည့် ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် မကျေပွဲ ပြန်လည်ထိုးသတ်ရန် မြန်မာနိုင်ငံတွင် စီစဉ်ကျင်းပရခြင်းဖြစ်ကြောင်း ထိုပွဲကို တာဝန်ယူစီစဉ်သည့် One Championship (ONE) အဖွဲ့က မေလ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ယခင်ဘစ်ဒက်ရှ်ကို ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ယှဉ်ပြိုင်ထိုးသတ်ရမည်ကို ပြိုင်ပွဲနီးမှသိခဲ့ရသဖြင့် အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်နိုင်ခြင်း မရှိခဲ့ကြောင်းနှင့် ရန်ကုန်တွင် တကြော့ပြန် ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ချိန်နှင့် ပြန်ဆင်ချိန်ရရှိခဲ့သဖြင့် လုပ်နိုင်စွမ်းရှိသည်ထက် ပိုကြိုးစားသွားမည်ဟု အောင်လအန်ဆန်က ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ရန်ကုန်က ကျနော့်ပရိသတ်တွေရဲ့ရှေ့မှာ အခုလိုယှဉ်ပြိုင်ရမှာကို အရမ်းဂုဏ်ယူမိတယ်။ မြန်မာနိုင်ငံအတွက် ချန်ပီယံခါးပတ် ပြန်ယူဆောင်လာပေးနိုင်ဖို့ အားကုန်ယှဉ်ပြိုင်သွားမယ်လို့ ကတိပေးတယ်” ဟု အောင်လအန်ဆန်က ပြောဆိုကြောင်း ဖော်ပြထားသည်။
အသက် ၃၂ နှစ်ရှိ ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ၎င်း၏ပြိုင်ဘက်ကို အလဲထိုးရာတွင် ဖမ်းချုပ်ရစ်ပတ်သည့် နည်းစနစ်ကြောင့် MMA (Mixed Martial Arts) လောကတွင် “မြန်မာ့စပါးအုံးမြွေ” ဟု တင်စားခေါ်ဝေါ်ခြင်း ခံထားရသူ ဖြစ်သည်။
ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်သည် ကမ္ဘာပေါ်တွင် အထူးချွန်ဆုံး MMA ကိုယ်ခံပညာရှင်တဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဆုကြေးစား MMA ကစားသမားတဦးအဖြင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တလျှောက်လုံးတွင် ရှုံးပွဲမရှိ ၉ ပွဲလုံး အနိုင်ရရှိထားသူဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မကျေပွဲ ပြန်လည်ထိုးသတ်ရန် စိန်ခေါ်ထားသည့် အောင်လအန်ဆန်နှင့် ထိုးသတ်ရမည့်ပွဲနှင့် ပတ်သက်ပြီး ဘစ်ဒက်ရှ်က “ အောင်လအန်ဆန်ဟာ ကျနော်ယှဉ်ပြိုင်ခဲ့သမျှ ပြိုင်ဘက်တွေထဲမှာ အမာဆုံးနဲ့ အတောင့်ခံနိုင်ဆုံးသူတယောက် ဖြစ်တယ်။ အခုလို သူ့ရဲ့ဇာတိမြေမှာ လာရောက်ယှဉ်ပြိုင်ရတဲ့အတွက် သူ့ဘက်က အားသာသွားမယ်လို့ မထင်ပါဘူး။ ချန်ပီယံတယောက်ဆိုတာ ဘယ်နေရာ၊ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ယှဉ်ပြိုင်နိုင်လို့ပါ။ အောင်လအန်ဆန်နဲ့ သူ့ရဲ့ထိုးသတ်ပုံတွေကို လေးစားပေမယ့်လည်း ကျနော်အိမ်ကို ပြန်တဲ့အခါမှာ အောင်မြင်မှုနဲ့အတူ ပြန်သွားမှာပါ။ ပြီးတော့ ချန်ပီယံခါးပါတ်ကလည်း ကျွန်တော့်ပခုံးပေါ်မှာပဲ ရှိနေမှာပါ” ဟု ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောင်လအန်ဆန်၏ တကျော့ပြန် စိန်ခေါ်ပွဲကို စီစဉ်ပေးသည့် ONE Championship အဖွဲ့အစည်းသည် စင်္ကာပူနိုင်ငံ၌ ရုံးချုပ်တည်ရှိပြီး အရှေ့တောင်အာရှတွင် ထင်ရှားသည့် အားကစား မီဒီယာအဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။ ထို့ပပြင် အရှေ့တောင်အာရှ MMA ကစားသမားများ၊ ကမ္ဘာ့ချန်ပီယံများ ပါဝင်သော ဖျော်ဖြေရေး အားကစားပွဲကြီးများကို ကြီးမှူးကျင်းပပေးနေသည့် အဖွဲ့တခုလည်း ဖြစ်သည်။