ရန်ကုန်မြို့ သာကေတမြို့နယ် ၁၀ တောင်ရပ်ကွက် မြရည်နန္ဒာအိမ်ရာဝန်း ခြံအမှတ် ၈ တွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သာကေတမြို့မ ရဲစခန်းမှ သိရသည်။
အသတ်ခံရသူများမှာ အသက် ၄၀ ခန့် ရှိ အိန္ဒိယ နိုင်ငံသား မစ္စတာ ဗစ်တာရာဂျ်နှင့် သူ၏ ဇနီးဖြစ်သူ အသက် ၃၀ အရွယ် ဝန်းကျင်ရှိ မခိုင်စံပယ်နှင်းအောင် တို့ဖြစ်ပြီး ယနေ့မနက်ပိုင်းက အိမ်ဖော် အမျိုးသမီးက အဆိုပါ ၂ ဦးကို ဒဏ်ရာများဖြင့် လဲကျနေသည်ကို စတင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သာကေတမြို့မ ရဲစခန်းက “ရဲတပ်ဖွဲ့က သွားပြီး စစ်ဆေးနေတုန်းပါ။ အသေးစိတ်တော့မသိရသေးပါဘူး။ ကျန်တာကို တိုင်းရဲတပ်ဖွဲ့ကပဲ ရှင်းပြပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော တွေ့ရှိချက်များအရ မစ္စတာ ဗစ်တာရာဂျ်မှာ အိမ်အပေါ်ထပ်တွင် လည်းကောင်း၊ မခိုင်စံပယ်နှင်းအောင်မှာ အိမ်အောက်ထပ်ရှိ အခန်းတွင်လည်းကောင်း အသတ်ခံထားရခြင်းဖြစ်ပြီး အသတ်ခံရသည့် အကြောင်းအရင်း၊ တရားခံ၊ သံသယဖြစ်ဖွယ်အချက်အလက်အားလုံးကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
အဆိုပါ အမှုကို မှုခင်းရဲတပ်ဖွဲ့ (CID) က ကိုင်တွယ်စစ်ဆေးနေဆဲဖြစ်ပြီး ရဲစခန်းမှ တာဝန်ရှိလူကြီးများ အားလုံးလည်း အခင်းဖြစ်သည့်နေရာတွင်သာ ရှိနေသေးကြောင်း၊ အသေးစိတ်အချက်အလက်များကို လက်ရှိတွင် ပြောဆိုနိုင်မည်မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သေဆုံးသူများသည် J &V catering Service လုပ်ကိုင်နေသူများဖြစ်ပြီး အဆိုပါ နေအိမ်သို့ ပြောင်းရွေ့လာသည်မှာ လအနည်းငယ်ခန့်သာ ရှိသေးကြောင်း သိရသည်။
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့နယ်တွင် ရဲဝန်ထမ်းဟောင်း အပါအဝင် မိသားစု ၄ ဦး ဓားဖြင့် ထိုးသတ် သတ်ဖြတ်ခံရသည့် ကိစ္စသည်လည်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲပင် ဖြစ်သည်။