ထိုင်းနိုင်ငံမှာ လတ်တလော လူအများစိတ်ဝင်စားနေတဲ့ ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲန်ပြည်နယ် ကာရာအိုကေဆိုင်မှ အမျိုးသမီးတဦး သတ်ဖြတ်ခံရမှုမှာ သံသယရှိသူ အမျိုးသမီး ၃ ဦးဟာ မြန်မာဘက်ခြမ်း ပုန်းအောင်းနေပြီး မြန်မာရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
လူသတ်မှုမှာ သံသယရှိသူ အမျိုးသမီး ၃ ဦးက အသက် ၂၄နှစ်ရှိ ပရီအော၊ အသက် ၂၅ နှစ်ရှိ အန်း နဲ့ အသက် ၂၈ နှစ် အရွယ်ရှိ ဂျေးတို့ ဖြစ်ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ က ကာရာအိုကေဆိုင်မှာ အလုပ်လုပ်တဲ့ နောင့်အန် ( ၂၂နှစ်) ကို မျက်နှာကို ပလတ်စတစ်အိတ်စွပ် ရိုက်သတ်ပြီး နှစ်ပိုင်းဖြစ်အောင် ခုတ်ထစ်ကာ အလောင်းကို ခိုဆောင်ကွမ်းခရိုင်မှာ စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ ၃ ဦးဟာ မယ့်ဆိုင်နယ်စပ်ကနေ မြန်မာဘက်ခြမ်း တာချီလိတ်မြို့ဘက်ကို ရှောင်တိမ်း သွားတယ်လို့ သိရတဲ့အတွက် ထိုင်း- မြန်မာ နယ်ခြားကော်မတီကို အကူအညီတောင်းခံကာ ရှာဖွေရေးတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
တာချီလိတ် ရဲစခန်းကို ဧရာဝတီကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဖုန်းလက်ခံခြင်း မရှိပါဘူး။
Bangkok Post သတင်းအဆို သတ်ဖြတ်သူ အမျိုးသမီးများထဲမှ ပရီအော ဆိုသူဟာ သူ့ရဲ့ Facebook မှာ လိင်စိတ်နှိုးဆော်တဲ့ ဓာတ်ပုံ အများအပြား တင်လေ့ရှိတယ်လို့ သိရပါတယ်။
ထိုအမျိုးသမီး ၃ဦးဟာ ယခင်ကလည်း တာချီလိတ်ဘက်ခြမ်းသို့ မကြာခဏ အလုပ်လုပ်ရန် သွား ရောက်လေ့ရှိပြီး လောင်းကစားဝိုင်းများ၊ လူချမ်းသာများ အကြားမှာ လူသိများကာ တာချီလိတ်မှာ ဖွင့်လှစ်ထားတဲ့ ထိုင်းအမျိုးသားတဦးပိုင် ကာရာအိုကေမှာ အလုပ်လုပ်ဖို့ ငှားရမ်းဖူးတယ်လို့ သိရပါ တယ်။
မြန်မာ ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးများ၊ တပ်မတော်သားများ ပူးပေါင်းအဖွဲ့ ဟာ ထိုင်းအမျိုးသားပိုင် ကာရာအိုကေနဲ့ Spa သို့ သွားရောက်ရှာဖွေ စစ်ဆေးမေးမြန်းရာ အလုပ်သမားများက မေလ ၂၅ ရက်နေ့ မှာ ၎င်းတို့ ၃ ဦးကို တွေ့ကြောင်း၊ မေလ ၂၉ ရက်နေ့မှာ ဆိုင်က ထွက်သွားကြောင်း ထွက်ဆိုပါတယ်။
အဆိုပါ ကာရာအိုကေ ဘားပိုင်ရှင်နဲ့ ဆိုင်ဝန်ထမ်း ၈ ဦးကိုလည်း စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်ယူ ထားတယ်လို့ သိရပါတယ်။
လတ်တလော ထိုင်းလူမှု့ကွန်ရက်မှာတော့ သူတို့ ၃ ဦးဟာ မိုင်းလား အထူးဒေသဘက်ကို ထွက် သွားပြီလို့ ယူဆချက်တွေ ရေးသားဖော်ပြနေကြပါတယ်။
ထိုင်းရဲတပ်ဖွဲ့ နီးစပ်သူတွေကတော့ နောင့်အန် သတ်ဖြတ်ခံရခြင်းမှာ ခွန်းကဲန်ပြည်နယ်က မူးယစ်ဆေး ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး သတင်းပေးတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
သူ သတင်းပေးတဲ့အတွက် လူအများအပြား အဖမ်းခံခဲ့ကြရာ ပရီအောရဲ့ ယောကျ်ားလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ပရီအော ကိုယ်တိုင်လည်း ခွန်းကဲန်းပြည်နယ်တွင် မူးယစ်ဆေးဝါး လက်လီ ရောင်းသူဖြစ်ပြီး ဒေသခံများကလည်း သူရဲ့ မူးယစ်ဂိုဏ်းကို ကြောက်ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းတွေက ရေးသားဖော်ပြကြပါတယ်။
ပရီအောတို့ မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးနိုင်ဖို့ မူးယစ်ဆေးဝါး ဂိုဏ်းများက အကူအညီပေးခဲ့ တယ်လို့လည်း ထိုင်း ရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။
အမှုနဲ့ ပတ်သက်ပြီး ကားမောင်းပေးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ်ရှိ ဝါဆမ်နမ်ပွန် ဆိုသူ အမျိုးသားကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့က တည်းခိုခန်းတခုမှာ ဖမ်းမိခဲ့ပြီး သူ၏ ချစ်သူ ဂျီဒါရက်ကိုတော့ ဘန်ကောက်မြို့မှာ ဖမ်းမိခဲ့ပါတယ်။
ပရီအောနဲ့ အန်းကို ကြိုတင်ကြံစည် သတ်ဖြတ်မှု၊ အလောင်းဖျောက်ဖျက်မှုများ အတွက် ဖမ်းဝရမ်း ထုတ်ထားပြီး ဂျေး ကိုတော့ သတ်ဖြတ်မှု ဖြစ်စဉ် အနားရှိနေသည့်အတွက် ဝရမ်းထုတ် ထားတာဖြစ်ပါတယ်။