ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးထားသူ မသန်းသန်းဝင်းအား တရား ရုံးထုတ်အပြန်တွင် လက်နက်ကိုင်လူတစုမှ တိုက်ခိုက်လုယူသည့်အတွက် ရဲတပ်ကြပ်တဦး သေနတ်ဒဏ်ရာ ဖြင့် သေဆုံးခဲ့မှု မေလ ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၂၉ရက်နေ့က အိန္ဒုနယ်မြေရဲစခန်းမှ ဒုရဲအုပ် စိုင်းဝင်မျိုး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် ၃ဦး တို့သည် ကော့ကရိတ်မြို့နယ် အချုပ်ထောင်တွင်ဖမ်းဆီးထားသည့် မသန်းသန်းအေးအား ဘားအံခရိုင် တရားမှ ရုံးထုတ်ရမန်ရယူပြီး အပြန်တွင် ကော့ကရိတ်-ကျုံဒိုးကားလမ်း၊ ရေပူကြီးကျေးရွာအုပ်စုအနီး အရောက် ၎င်း၏ မိခင်အားနှုတ်ဆက်လိုကြောင်းပြောကြားသဖြင့် လိုက်ပို့စဉ် နေအိမ်အတွင်း ဝင်ပြေးသဖြင့် လိုက်ဖမ်းရာမှ နေအိမ်နောက်ဖက်တွင် စောင့်ဆိုင်းနေသည့် လက်နက်ကိုင်လူစုနှင့်တွေ့ဆုံကာ အခင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်နက်ကိုင်တစုက ရဲတပ်ဖွဲ့ဝင်သုံးဦးအား သေနတ်ဖြင့်ချိန်ကာ မသန်းသန်းအေးနှင့် ကလေးအား လုယူ ကယ်ထုတ်စဉ် တခြားသော ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်လုံးထွေးဖမ်းဆီးရာမှ ရဲတပ်ကြပ်ဝင်းထွန်း၏ ယာဘက် ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကော့ကရိတ်ဆေးရုံးသို့ တက်ရောက်ကုသနေစဉ် သေဆုံးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ကျ ရဲတပ်ကြပ်ကြီး ဝင်းလှိုင်က “တရားခံတွေကိုတော့ ခုထိမမိသေးဘူး၊ ကျူးလွန် သူတွေကို ဖော်ထုတ်နိုင်ဖို့ ဒီဘက်မှာရှိတဲ့ လက်နက်အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်”ဟု ပြောသည်။
အခင်းဖြစ်ပွားသည့် နေအိမ်နောက်ဖက်တွင် M-16 မောင်းပြန်ရိုင်ဖယ် ကျည်ခွံတခု၊ ကာဘိုင် ကျည်ခွံတခု သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့ပြောသည်။
လက်နက်ကိုင်တစုမှ တိုက်ခိုက်လုယူသွားသူ မသန်းသန်းအေးမှာ ကျုံဒိုးနယ်မြေရဲစခန်းတွင် မယ(ပ)၆/ ၂၀၁၇၊ မူး/စိတ်ပုဒ်မ- ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည့်အပြင် အိန္ဒုနယ်မြေရဲစခန်း တွင်လည်း မယ(ပ)၂၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ-၁၅/၁၆(ဂ)/၂၁ ဖြင့်လည်း အမှုဖွင့်ခံထားရသူဖြစ်သည်။
အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသူ လက်နက်ကိုင် ၅ ဦးကိုလည်း ကျုံဒိုးနယ်မြေ ရဲစခန်းမှ လူသတ်မှုဖြင့်ပါ ထပ်မံအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ယခုဖြစ်စဉ်တွင် တာဝန်ပေါ့လျော့ခဲ့သည့် အိန္ဒုနယ်မြေရဲစခန်းမှ ဒုရဲအုပ် စိုင်းဝင်းမျိုးနှင့် ရဲတပ်ကြပ်သိန်းဦး တို့နှစ်ဦးကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အရေးယူဆောင်ရွက်ထားကြောင်း တာဝန်မှူး ရဲတပ်ကြပ်ကြီး ဝင်းလှိုင်က ပြောသည်။