ဗြိတိန် လူ့အခွင့်အရေး လှုပ်ရှားသူ အင်ဒီဟောလ် သည် ၂၀၁၄ ခုနှစ်က တရားရုံးမှ ပယ်ချခဲ့သည့် အသရေဖျက်မှုတွင် ၎င်း အပေါ် ဥပဒေနှင့် မညီသော တရားစွဲဆိုခြင်းများ ရှိခဲ့သည့် အတွက် ထိုင်းအာဏာပိုင်များနှင့် ထိုင်းနိုင်ငံမှ အဓိက သစ်သီးလုပ်ငန်း တခုတို့ကို ဗုဒ္ဓဟူးနေ့က တရားစွဲဆို လိုက်သည်။
အင်ဒီဟောလ် သည် ထိုင်းနိုင်ငံ၏ အကြီးဆုံး နာနတ်သီး ဆီသွတ်ဘူးလုပ်ငန်း ဖြစ်သော Natural Fruit Company ၏ မြန်မာရွှေ့ပြောင်း လုပ်သားများကို ဆက်ဆံမှုများကို ဖင်လန်နိုင်ငံမှ Finnwatch အတွက် သုတေသန ပြုလုပ်ပေးသော အစီရင်ခံစာ တစောင်ကို ၂၀၁၃ ခုနှစ်က ထုတ်ဝေချိန်မှ စတင်ပြီး ဥပဒေကြောင်း အရ တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ကမူ အင်ဒီဟောလ်သည် ထိုအစီရင်ခံစာအတွက် အသရေဖျက်မှုနှင့် အပြစ်ရှိကြောင်း စီရင်ခံရပြီး ဆိုင်းငံ့ ထောင် ၃ နှစ် ချမှတ်ခံရကာ ထိုသို့ စီရင်ခြင်းသည်
အခြားသူများအပေါ် အလားတူ စွဲချက်တင် အပြစ်ပေးရန် နမူနာ ဖြစ်လာမည်ကို လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်ခဲ့ကြသည်။
ဟောလ်၏ အမှုမှာ အယ်လ်ဂျာဇီးယား ရုပ်သံသို့ သူ ပြောကြားခဲ့သော အချက်အလက်များအတွက် အသရေဖျက်မှုနှင့် လည်း ဆက်စပ်နေသည်။ သို့သော် ထိုရုပ်သံ တွေ့ဆုံမေးမြန်းခန်း ပြုလုပ်စဉ် ဟောလ် သည် မြန်မာနိုင်ငံတွင် ရှိနေသောကြောင့် ထိုအမှုကို တရားရုံးချုပ်က ပယ်ချခဲ့သည်။
ဟောလ်၏ တရားစွဲဆိုမှုတွင် Natural Fruit ၊ အစိုးရရှေ့နေ ၉ ဦးနှင့် ထိပ်တန်း ရဲအရာရှိ တဦးတို့သည် ၎င်းတို့၏ တာဝန်များကို အလွဲသုံးစား ပြုလုပ်သည် ဟု စွပ်စွဲထားသည်။ ထို့အပြင် သူက Natural Fruit သည် အာဏာပိုင်များသို့ သတင်း အချက်အလက် အမှားများ ပေးခဲ့သည်ဟုလည်း စွပ်စွဲထားသည်။
“ကျနော့်ကို ဥပဒေနဲ့ မညီတဲ့ ဒီလို တရားစွဲဆိုမှုနဲ့ တရားရေး အရ နှိပ်စက်မှုတွေကနေ ကာကွယ်ရမယ်” ဟု ဟောလ် က ဘရပ်ဆဲလ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ သူသည် လွန်ခဲ့သော နှစ်က ထိုင်းနိုင်ငံမှ ပြန်လည် ထွက်ခွာခဲ့သည်။
Natural Fruit နှင့် အတူ စွဲဆိုခံရသော ထိုလုပ်ငန်း၏ ရှေ့နေ ဆွမ်ဆက်တိုရပ်ဆာ က သူ့အနေဖြင့် ပူပန်မှု မဖြစ်ကြောင်း Reuters သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ အားလုံး အပြစ်ကင်း ပါတယ်။ ကျနော် ကတော့ တိုက်ပွဲဝင်ပြီး ပြန်တရားစွဲမယ်” ဟု ပြောသော်လည်း အခြား အသေးစိတ် ပြောကြားခြင်း မပြုပေ။
ထိုအမှုစွဲချက်ကို မဖတ်ရသေးသောကြောင့် တစုံတရာ မဝေဖန်နိုင်သေးကြောင်း ရှေ့နေချုပ်ရုံးမှ ပြောခွင့်ရသူ ဆွမ်နူအက် ဆီယန်ကောင်က Reuters သတင်းဌာနသို့ ပြောသည်။
ထိပ်တန်း ရဲအရာရှိကလည်း သူ့အနေဖြင့် ပြောစရာမရှိ ဟု ဆိုသည်။
ဟောလ်သည် သူ၏ အစီရင်ခံစာ အတွက် သာမက တွေ့ဆုံ မေးမြန်းခန်းတွင် ဖြေကြားခြင်း အတွက်လည်း အသရေ ဖျက်မှုများဖြင့် စွပ်စွဲခံခဲ့ရသည်။
ထိုင်းနိုင်ငံသည် အစားအစာ ထုတ်လုပ်သော နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ အများဆုံး ပါဝင်သော ရွှေ့ပြောင်းလုပ်သား ၃ သန်းကို ခန့်ထားသည်။