ကချင်ပြည်နယ် အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်တွင် တရားမဝင် ရွှေတူးဖော်နေမှုများကို အရေးယူဆောင်ရွက်နိုင်ရန်မှာ နယ်မြေလုံခြုံရေးအခြေအနေပေါ် မူတည်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးဝန်ကြီးဌာနက ပြောသည်။
မေလ ၃၁ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကချင်ပြည်နယ်၊ မိုးညှင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းအိက အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်တွင် ရွှေတူးဖော်ထုတ်ဖော်ထုတ်လုပ်နေမှုများကြောင့် အိုင်ပတ်ဝန်းကျင်ရှိ သဘာဝဂေဟစနစ်ကို ထိခိုက်လျက်ရှိသဖြင့် အစိုးရက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းထုတ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး ဝန်ကြီး ဦးအုန်းဝင်းက လာရောက်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“တရားမဝင် ရွှေသတ္ထုတူးဖော်ခြင်းများကို ဖယ်ရှားအရေးယူနိုင်ဖို့အတွက် သတ္ထုတွင်း ဝန်ကြီးဌာနက ကွင်းဆင်းစစ်ဆေးမယ့် စီမံချက်များ ရေးဆွဲပြီးတော့ ကချင်ပြည်နယ် အစိုးရရဲ့ လုံခြုံရေး ဆောင်ရွက်ပေးနိုင်မှုပေါ် မူတည်ပြီး ဒေသဆိုင်ရာ အုပ်ချုပ်မှု အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီးဦးအုန်းဝင်းက ဖြေကြားခဲ့သည်။
အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်တွင် ရွှေတူးဖော်ခွင့်များကို ဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရက ခွင့်ပြုထားခြင်း လုံးဝမရှိကြောင်း၊ ယင်းကဲ့သို့ တရားမဝင် ရွှေတူးဖော်နေမှုများကို ထိထိရောက်ရောက် တားမြစ်နိုင်ရန် ပြည်နယ်အစိုးရ၏ လုံခြုံရေးဆောင်ရွက်ပေးနိုင်မှုအပြင်၊ ဒေသခံများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) များ၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ကြောင်း ဝန်ကြီးဦးအုန်းဝင်းက ဖြေကြားခဲ့သည်။
အင်းတော်ကြီးကန် တည်ရှိရာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အပါအဝင် မိုးကောင်း၊ တနိုင်း၊ ဖားကန့်နှင့် မန်စီ အစရှိသည့် မြို့နယ် ပတ်ဝန်းကျင်များတွင် မြန်မာတပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား စစ်ရေးထိတွေ့မှုများ ရှိတတ်သဖြင့် နယ်မြေလုံခြုံမှု အခက်အခဲများ ရှိနေကြောင်း သိရသည်။
၂၀၁၆-၁၇ ဘာဏ္ဍာရေးနှစ်အတွင်း တရားမဝင်ရွှေတူးဖော်ခြင်း ၅ ကြိမ်၊ ဆက်စပ်ပစ္စည်း ၂၆ မျိုးနှင့် တရားခံ ၆ ဦး ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟုလည်း ဝန်ကြီးဦးအုန်းဝင်းက ဆက်လက်ပြောသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝင် ဦးဝင်းဇော်က အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်တွင် တရားမဝင်ရွှေတူးဖေါ်မှုများကို ပုံမှန် နယ်မြေကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်နိုင်ရန် နယ်မြေလုံခြုံရေးအခြေအနေ အကန့်အသတ်များစွာ ရှိကြောင်း ဧရာဝတီသတင်းဌာနကို ပြောသည်။
“ကျနော်တို့ဆီက ဝန်ထမ်းတွေက နယ်မြေလုံခြုံတဲ့ နေရာတွေဆိုရင် လစဉ်စစ်ဆေးတာတို့ အပတ်စဉ်စစ်ဆေးတာတို့ လုပ်နေလို့ ရတယ်” ဟု ဒုအတွင်းဝန် ဦးဝင်းဇော်က ပြောသည်။
အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင်အကြီးဆုံးနှင့် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ကုန်းတွင်းရေအိုင် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေ (Wetland of International Importance- Ramsar Site) အဖြစ် ၂၀၁၆ ခုနှစ်က သတ်မှတ်ခံခဲ့ရသည်။
အင်းတော်ကြီးအိုင်သည် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း တည်ရှိပြီး ဒေသခံထောင်ပေါင်းများစွာတို့၏ အသက်မွေးဝမ်းကြောင်းကို အထောက်အကူပေးလျက်ရှိသည်။
ဘေးမဲ့တောတွင် ဆောင်းခိုငှက်များအပါအဝင် ငှက်မျိုးစိတ်ပေါင်း ၅၀၀ ခန့်နှင့် ရေနေမျိုးစိတ်များစွာတို့ နားခိုကျက်စားလျက်ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေ အဖြစ် သတ်မှတ်ထား သောနေရာ ၃ နေရာမှာ မိုးယွန်းကြီးအင်း၊ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးအိုင်နှင့် ဧရာဝတီတိုင်းရှိ မိန်းမလှကျွန်းတို့ ဖြစ်သည်။