သတင်း

မီးသတ်တပ်ဖွဲ့ဝင်များကို ဒရုန်းကင်မရာ နည်းပညာအကြောင်း သင်ကြားပေးနေ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက မီးလောင်မှုဖြစ်စဉ်များ၌ ဒရုန်းကင်မရာများ၏နည်းပညာကို အသုံးပြု၍ မီးငြိမ်းသတ်ရာတွင် စီမံကွပ်ကဲ ဆောင်ရွက်သွားရန် စီစဉ်နေရာ မီးသတ်တပ်ဖွဲ့ဝင်များကို ပညာရှင်များဖြင့် သင်ကြားပေးနေကြောင်း သိရသည်။

“မီးလောင်မှုဖြစ်စဉ်တွေမှာပေါ့။ ဒရုန်းတွေ အသုံးပြုပြီး မီးငြိမ်းသတ်မှုတွေကို စီမံကွပ်ကဲသွားဖို့ရှိပါတယ်၊ အထပ်မြင့် မီး လောင်မှုတွေ၊ ဝင်ရခက်ခဲတဲ့နေရာတွေ၊ အလုံပိတ်အဆောက်အဦတွေမှာ မီးခိုးမွှန်နေတဲ့အခန်းမျိုးတွေမှာ ဒရုန်းနည်းပညာ ကို အသုံးပြုပြီး ဆောင်ရွက်သွားဖို့ အစီအစဉ်တွေလုပ်နေပါတယ်” ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ပြောသည်။

မီးလောင်မှုဖြစ်စဉ်များတွင် ဒရုန်းနည်းပညာများ အသုံးပြုမည်ဆိုပါက မီးသတ်ဦးစီးဌာန၏ အဓိက လုပ်ငန်းကြီး ၃ ခုမှ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များတွင် ပို၍ အဆင့်မြင့်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် မီးငြိမ်းသတ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်လာနိုင်မည်ဟု သိရသည်။

ဒုညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက “ဒရုန်းတွေကို ဝင်လို့ခက်ခဲတဲ့နေရာတွေ၊ အဆောက်အဦအထဲတွေ၊ မီးလောင်မှုများတဲ့ အခြေအနေတွေ၊ အထပ်မြင့်အဆောက်အအုံတွေမှာ အသုံးပြုသွားပါမယ်၊ ဒရုန်းကို အသုံးပြုပြီး ဘယ်လိုဝင်လို့ရမလဲ၊ ဘယ်လိုငြိမ်းသတ်ရမလဲ၊ အရေးပေါ် ကယ်ဆယ်ရေးတွေ ဖြစ်လာရင်လည်း ဘယ်လိုကယ်ဆယ်လို့ရမလဲ ဆိုတာတွေကို တိုက်ရိုက်ကြည့်ပြီး စီမံကွပ်ကဲ ညွှန်ကြားသွားမှာပါ။ ဒရုန်နည်းပညာကို အသုံးပြု မယ်ဆိုရင် မီးငြိမ်းသတ်မှု ဖြစ်စဉ်တွေ အတွက် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်၊ မီးသတ်တပ်ဖွဲ့ အတွက်လည်း ဒရုန်းနည်းပညာဟာ အလွန်အသုံးဝင်လာနိုင်မှာဖြစ်ပါတယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ပူပြင်းခြောက်သွေ့သော ပွင့်လင်းကာလများတွင် မီးလောင်မှု အများဆုံးဖြစ်ပွားလေ့ရှိပြီး လူနေထူထပ် သော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့သည် မီးဘေးအန္တရာယ် အများဆုံး ကျရောက်နိုင်သည့် ဒေသများဖြစ်ကြောင်း သိရသည်။

“နိုင်ငံဖွံ့ဖြိုးလာတာနဲ့အမျှ မီးလောင်မှု ပိုများလာတယ်၊ လျှပ်စစ်မီးသုံးစွဲမှုကလည်း ပိုများလာတာကြောင့် လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ပွားနေရသလို ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုက အများဆုံးဖြစ်နေပါတယ်၊ ကိုယ့်အိမ်မှာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မီးလောင်ရင် ကြိတ်ပြီး ငြှိမ်းမယ့်အစား မီးသတ်ကိုအကြောင်းကြား သတင်းပေးသင့် တယ်၊ မီးငြှိမ်းသတ်ရတဲ့အပိုင်းနဲ့ ပြောရရင်တော့ တချို့မြို့နယ်၊ ရပ်ကွက်တွေက လမ်းက ကျဉ်းကျဉ်း၊ လူနေအိမ်က ထူ ထပ်၊ အဝင်လမ်းအထွက်လမ်းက မကောင်း၊ မီးသတ်ကား ရေဖြည့်နိုင်ဖို့အတွက် ရေရနိုင်တဲ့နေရာ ဝေးတာတွေဟာ မီးငြှိမ်း သတ်ဖို့ တော်တော် အခက်အခဲ ဖြစ်တယ်၊ ဒရုန်းတွေ အသုံးပြုပြီး အနီးကပ်ကြီးကြပ်ညွှန်ကြားနိုင်မယ်ဆိုရင် မီးငြိမ်းသတ်ဖို့ လျင်မြန်လာမှာတော့ အမှန်ပဲ” ဟု မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း မီးလောင်မှုများအနက် ရန်ကုန်မြို့ရှိ မင်္ဂလာဈေး၊ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့၊ ဧရာဝတီတိုင်း လပွတ္တာမြို့၊ တနင်္သာရီတိုု်င်း ကျောက္ကာကျေးရွာ၊ မန္တလေးမြို့ရှိ မင်္ဂလာဈေး စသည့် ဒေသများ၏ မီးလောင်ဖြစ်ပွားမှုသည် အကြီးစားမီးလောင်မှုတွင် ပါဝင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး အများဆုံးရှိသည့် မီးလောင်မှုများဖြစ်သလို မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ဇန်နဝါရီမှ ဧပြီလအထိ မီးလောင်မှုအကြိမ် ၁၀၀ ဖြစ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁ ထောင်ကျော်ရှိကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများအရသိရသည်။

ယခုအခါ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်တားဆီးရေးနှင့် မီးလောင်မှုဖြစ်စဉ်များ အမြဲမပြတ် စောင့်ကြည့်ကာကွယ်နိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေပြီး တနိုင်ငံလုံးရှိ မြို့နယ်များနှင့် ရပ်ကွက်များတွင် မီးသတိပြုရန် နှိုးဆော်မှုများ တွန်းအားပေးပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် မီးဘေးလုံခြုံမှုနှင့် ပတ် သက်သော စစ်ဆေးမှုများ၊ စက်ရုံ၊ အလုပ်ရုံများတွင် မီးဘေးအန္တရာယ်နှင့် မီးဘေးလုံခြုံမှုဟောပြောမှုများ၊ ဈေးများအား စစ်ဆေးခြင်းနှင့်အတူ တအိမ် တက် တအိမ်ဆင်း မီးဘေး စစ်ဆေးမှုများကို ပိုမိုဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading