သစ်တောပြုန်းတီးမှုများ လျော့ကျပြီး သစ်တောကဏ္ဍ ဖွံ့ဖြိုးစေရန် ၁၉၉၆ ခုနှစ်မှ စတင်သည့် နှစ် ၃၀ စီမံကိန်းဖြစ်သည့် ရပ်ရွာ ပြည်သူအစုအဖွဲ့ပိုင် သစ်တောသည် နှစ် ၂၀ ကျော်အတွင်း ဧကပေါင်း ၃ ဒသမ ၇ သိန်းအထိသာ ထူထောင်နိုင် သေးကြောင်း နေပြည်တော် သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ချိန်က ဇွန်လ ၁ရက်တွင် ဧရာဝတီကို ပြောသည်။
ဦးအောင်ချိန်က “လာမယ့် ၁၀ နှစ်ထိအတွင်းမှာ ၂ သန်းကျော်ဖို့ လျာထားပါတယ်။ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖို့ လျှောက်ထားရင် မြို့နယ်ကတဆင့် လျှောက်ထားနိုင်ပါတယ်။ ခန့်မှန်းခြေ တလလောက်ပဲ ကြာနိုင်ပါ တယ်။ ခရိုင်အဆင့်ကနေ ခွင့်ပြုချက် ပေးပါတယ်။ တိုင်းရုံးတွေ၊ ပြည်ထောင်စုရုံး၊ ညွှန်ချုပ်ရုံးတွေ တက်စရာ မလိုပါဘူး” ဟု ဆိုသည်။
သစ်တောစိုက်ပျိုးမှု လျှောက်ထားလိုလျှင် ရပ်ရွာက မိမိပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုထားသည့် မြေနေရာ ရှိရမည် ဖြစ်ပြီး အဆိုပါဒေသတွင် အစဉ်တစိုက်နေထိုင်သူ ဖြစ်ရမည်ဖြစ်ကာ အဖွဲ့ တဖွဲ့လျှင် ၅ ဦး ပါဝင်ရမည် ဖြစ်သည်။
နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် စီမံချက်ဖြစ်သော်လည်း သစ်တောဝန်ထမ်းများက ဒေသခံများကိုတတ်သိ လုပ်ကိုင် ဆောင်ရွက်ရမည့် အလုပ်ဟု ကျေကျေလည်လည် နားလည်နိုင်အောင် သင်တန်းများ မပို့ချနိုင်ခြင်း၊ ယင်း လုပ်ငန်း ကို သဘောပေါက်လာအောင်၊ အာမခံချက်ရှိလာအောင် မပြုလုပ်နိုင်ခြင်းတို့ကြောင့် အောင်မြင်မှု နည်းပါးနေရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေးက ပြောသည်။
ဦးတင်အေးက “အဲဒီဒေသကို ပိုက်ဆံရှိတဲ့သူတွေ အဝေးကြီးကနေ လာမလုပ်အောင် တားထားတဲ့ သဘောပဲ။ အဲဒီ ဒေသမှာရှိတဲ့ သူပဲ လုပ်စေချင်တာ။ သစ်တွေကို အလွန်အကျွံထုတ်သမျှ၊ သစ်တွေ ခိုးနေသမျှ၊ သစ်တွေကို အခြားနိုင်ငံ တွေကို တင်ပို့ နေတာကို မရပ်နိုင်သမျှ ကာလပတ်လုံး သစ်တော ပြုန်းတီးနေဦးမယ်။ သစ်ပင်စိုက်နေလည်း သမင် မွေးရင်း ကျားစားရင်းပဲ ဖြစ်မယ်” ဟု ဆိုသည်။
သစ်တောပြုန်းတီးမှု ကာကွယ်ရန်နှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်လိုလျှင် သစ်ပင်များစိုက်ရုံနှင့် မဖြစ်နိုင်ဘဲ သစ်တောမြေကို ရော်ဘာတော၊ ဆီအုန်းခြံ စသဖြင့် စိုက်ပျိုးမြေ၊ မိုင်းတွင်း၊ သတ္တုတွင်း၊ ဆည်မြောင်းများအဖြစ် ပြောင်းလဲအသုံးချခြင်း၊ လောင်စာအဖြစ် ထင်းကိုသာ အဓိကထား သုံးစွဲနေရပြီး အခြားအစားထိုးစွမ်းအင်နှင့် လောင်စာမရှိသေးခြင်း၊ သစ်အလွန်အကျွံ ထုတ်ခြင်းများကို တားဆီးကာကွယ်နိုင်ရန်လည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုလျက် ဒေသခံပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ နှစ် ၃၀ စီမံကိန်းဖြင့် ရပ်ရွာ အစုအဖွဲ့ပိုင် သစ်တောဧက ၂ ဒသမ ၂၇၃ စိုက်ပျိုးသွားမည် ဖြစ်၍ သစ်တော စိုက်ပျိုးလိုသူများအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက နည်းပညာများကို ပံ့ပိုး ကူညီပေးမည် ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းနှင့် ဒေသခံများ စုပေါင်းကာ သစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်နေပြီး အစုအဖွဲ့ပေါင်း ၈၂၁ ဖွဲ့ခန့်ရှိကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။
မြန်မာတစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှုမှာ ဧကပေါင်း ၇၈ ဒသမ ၅၁ သန်းဖြစ်ပြီး ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောဧက ၄၁ ဒသမ ၄ သန်းအနက် သစ်တောကြိုးဝိုင်း ၈၄၃ ခုတွင် ဧကပေါင်း ၂၉ ဒသမ ၇၉ သန်းကျော်၊ ကြိုးပြင်ကာကွယ်တော ၃၃၃ ခုတွင် ဧကပေါင်း ၁၁ ဒသမ ၆၅ သန်းရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
တရားမဝင်သစ်များ ဖမ်းဆီးရမိမှုများတွင် အရေးယူဆောင်ရွက်ရမည့် ဥပဒေများကိုလည်း တိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က ကြေညာချက် ထုတ်ပြန်ထားပြီး တနိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွင်း တရားမဝင် သစ်တန်ချိန် ၄ သောင်းကျော် ဖမ်းဆီးမိခဲ့ ကြောင်း ပြီးခဲ့သည့် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားခဲ့သည်။