ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် SNLD က ပြည်ထောင်စု၏ မည်သည့်အစိတ်အပိုင်းမှ“ခွဲမထွက်ရ”ဟူသည့် အချက်ကို သဘောမတူဘဲ ကန့်ကွက်ခဲ့ခြင်းသည် ရှမ်းလူမျိုးများ၏ ဂုဏ်သိက္ခာနှင့်ဆိုင်သဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ပြောသည်။
“ကျနော်တို့ရှမ်းတွေ အရမ်းဂုဏ်ယူတာရှိတယ်။ ငါတို့ဒီပြည်ထောင်စုထဲ လာပါတာက ငါတို့အခွင့်အရေးကိုတောင် မယူခဲ့ဘဲ လာတာပါဆိုပြီးတော့၊ ဒါက ရှမ်းရဲ့ဂုဏ်သိက္ခာပါ။ ဒီလိုရှိနေရက် မင်းတို့က ထပ်ပြီးခွဲမထွက်ရဘူးဆိုတာ ကန့်သတ်မလား။ ရှမ်းခေါင်းဆောင်တွေက ခွဲထွက်ပါမယ်ဆိုတာ ဘယ်တုန်းကပြောဘူးသလဲ” ဟု SNLD ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ဇွန်လ ၁ ရက်က ရန်ကုန်မြို့၊ ၉ မိုင် ပြည်လမ်းရှိ ၎င်းတို့ SNLD ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
၂၁ ရာစုပင်လုံအစည်းအဝေးတွင် SNLD အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များဘက်က “ခွဲမထွက်ရ” ဟူသည့်အချက်ကို ကန့်ကွက်ကြသည့်အပေါ် ခွဲထွက်လိုခြင်းကြောင့် တိုင်းရင်းသားများက ငြင်းဆိုနေခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာနှင့် ပြင်ပနိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်နေမှုများကို မမှန်ကန်ကြောင်း ငြင်းဆိုရန် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။
၁၉၄၇ ခုနှစ်၊ ပြည်မနှင့်တောင်တန်း ပူးပေါင်းသည့် ပင်လုံစာချုပ်ချုပ်ဆိုစဉ် ရှမ်းတိုင်းရင်းသားများအနေဖြင့် ခွဲထွက်ပြီး သီးသန့်ပြည်နယ် တည်ထောင်ခွင့်ရှိပါလျက် တောင်တန်း- ပြည်မပူးပေါင်းပြီး ပြည်ထောင်စုထူထောင်၍ ဖက်ဒရယ် ပြည်ထောင်စုကို ဆက်လက်တည်ဆောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဦးစိုင်းကျော်ညွန့်က ဆိုသည်။
“ဒါက စိတ်ဓါတ်ရေးရာအရ ဂုဏ်သိက္ခာအရ နားလည်သင့်တယ်။ ကလေးတယောက်လို အပြင်မထွက်နဲ့ ဟိုဒီမလုပ်နဲ့ ဆိုရအောင် ကျနော်တို့က ဒီလောက်ဆိုးဝါးနေလားဆိုတာ မေးစရာရှိတယ်။ ဒါက ဂုဏ်သိက္ခာနဲ့ ဆိုင်ပါတယ်။ ပြည်ထောင်စုကို တည်ဆောက်ခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်ပါတယ်။ ကျနော်တို့ ရှမ်းများရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ပင်လုံညီလာခံအတွင်း ဆွေးနွေးခဲ့သည့်အပေါ် ဆိုရှယ်မီဒီယာများတွင် တိုင်းရင်းသားများကို ခွဲထွက်သွားပါဟု ဝေဖန်ရေးသားခြင်းများ၊ လှောင်ပြောင်ပြောဆိုခြင်းများကို မလုပ်သင့်ကြောင်း၊ သို့သော် ဗမာတိုင်းရင်းသားတချို့က ဆောင်းပါးများ ရေးသားနေခြင်းကို ထောက်ခံသူများက ထောက်ခံပြောဆိုနေသည်ကို မြင်တွေ့ရကြောင်း၊ တိုင်းရင်းသားများအနေဖြင့် ခွဲထွက်မည်ဟူသည့်စကားကို မည်သည့်အခါမှ မပြောခဲ့ဘဲ အတူတကွ တန်းတူညီမျှစွာဖြင့် ရှေ့ဆက်သွားနိုင်ရန် ဆွေးနွေးနေခြင်းသာဖြစ်သည်ဟု SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။
“ တောင်တန်းဒေသကလူတွေ ပြည်မနဲ့လာပေါင်းခဲ့ပြီးပြီ။ ပြည်ထောင်စုထူထောင်ဖို့ ဆက်ကြိုးစားနေတယ်။ အဲဒီလိုအချိန်မှာ အခုရေးမယ့်အခြေခံဥပဒေမှာ ခွဲမထွက်ရဆိုတဲ့ မူမထည့်သင့်ဘူး။ ပြည်ထောင်စုထဲက ခွဲထွက်ဖို့ တောင်းဆိုခြင်း ကျနော်တို့ လုံးဝမရှိ ပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးအတွင်း အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲ၊ ဆွေးနွေးရန်ကြိုးစားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မပါဝင်သဖြင့် “ ခွဲမထွက်ရ”ဟူသည့် ပြည်ထောင်စုတခုလုံးနှင့် သက်ဆိုင်သည့် အခြေခံမူကို မချမှတ်သင့်ပါဟု ဦးစိုင်းညွှန့်လွင်က ပြောသည်။
“သူတို့မရှိခင်မှာ ဒါကိုသတ်မှတ်လိုက်မယ်ဆိုရင် သူတို့အနေနဲ့ ဆွေးနွေးစရာ မလိုတော့ဘူးဆိုတာမျိုး သက်ရောက်သွားနိုင်တယ်။ ဒါတွေက အတားအဆီးအများကြီး ဖြစ်နိုင်တယ်။ အဲဒါကြောင့် ကျနော်တို့က ဒီကိစ္စကို မထည့်သွင်းဖို့ ဆွေးနွေးခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
၁၉၄၇ ခုနှစ်၊ ပြည်မနှင့်တောင်တန်း ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်တွင် တောင်တန်းနှင့်ပြည်မ ပူးပေါင်းပြီး ပြည်ထောင်စု ထူထောင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်ဟူသည့် အဓိကရည်ရွယ်ချက် ၂ ခု ပါကြောင်း၊ ၂၁ ရာစုပင်လုံတွင် ထို ၂ ခု ကိုသာ အဓိကထားကြောင်း SNLD က ပြောသည်။
နေပြည်တော်တွင် မေလ ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးအတွင်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ၌ “ နိုင်ငံတော် နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဟူသည့် အချက်ကိုဆွေးနွေးရာ၌ SNLD က ကန့်ကွက်ခဲ့ပြီး အခြားနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းများကပါ ကန့်ကွက်ခဲ့ကြသဖြင့် သဘောတူညီမှု မရရှိခဲ့ပေ။
ထိုသို့သဘောတူညီမှု မရခဲ့သည့်အပေါ် အစိုးရဘက်မှ ပြောရေးဆိုခွင့်ရှိသူများ အပါအဝင် နိုင်ငံရေး အသိုင်းအဝိုင်းများက တိုင်းရင်းသားများအပေါ် ဝေဖန်ခဲ့ကြသည်။ SNLD က “ခွဲမထွက်ရ” ဟူသည့်အချက်ကို အခြေခံမူအဖြစ် ထည့်သွင်းမည်ကို လက်မခံနိုင်ကြောင်း မေလ ၂၅ ရက်က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ကြေငြာခဲ့သည်။