ကျပ်သိန်းပေါင်း ၄၅၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်ထားသည့် မွန်ပြည် နယ် ပေါင်မြို့နယ်၊ အလုပ်ကျေးရွာရှိ ရေတားတမံသည် တည်ဆောက်ပြီး ၁ လ အကြာတွင် ပင်လယ်ရေလှိုင်း ရိုက်ခတ်မှုကြောင့် တမံအပိုင်း တချို့ ပြိုကျခဲ့၍ ယင်းရေတား တမံကို တာဝန် ယူ ဆောက်လုပ်ခဲ့သည့် ဆည်မြောင်း ဦးစီးဌာနကပင် ၎င်းတို့၏ ဌာနပိုင်ငွေဖြင့် ပြင် ဆင် ဆောက်လုပ်ပေးရမည်ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာအား ထပ်မံ အသုံးပြုသွားမည်မဟုတ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက အစိုးရသက်တမ်း တနှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
ဒေါက်တာအေးဇံက “ဆောက်ပေးတဲ့ အင်ဂျင်နီယာတွေ ကိုယ်တိုင်ကပဲ ဌာနကပဲ တာဝန်ယူပြီး ပြန်လည် ဆောက်ပေး ရမှာ ဖြစ်ပါတယ်၊ အစိုးရ အနေနဲ့က ပြည် သူတွေ ရဲ့ ငွေကို နောက်ထပ် အသုံးမပြုတော့ပါဘူး ၊ ဒါနဲ့ ပတ်သက်ပြီးတော့ သူတို့ ဌာနက အစအဆုံး ပြန်လုပ်ပေးမှာပါ။ လိုအပ်တဲ့ နည်းပညာကိုတော့ ပံ့ပိုးကူညီပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ထိုသို့ ရေငံတား တမံ ပြိုကျ ပျက်စီးရခြင်းမှာ သဘာဝ ဘေးအန္တရာယ်များအပြင် တမံဆောက်လုပ်ခဲ့ချိန်၌ နည်းပညာပိုင်း အားနည်းချက်များ ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြိုကျသွားရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထိုရေငံတားတမံကို ဆည်မြောင်း ဦးစီးဌာန တာဝန်ယူ ဆောက်လုပ်ခဲ့ချိန်၌ တင်ဒါ ကော်မတီကိုသာ ဖွဲ့စည်းခဲ့ပြီး တင်ဒါ ရွေးချယ်ရေး ၊ စိစစ်ရေး ၊ အရည်အသွေး ထိန်းသိမ်းရေး၊ ကြပ်မတ်ရေး စသည့် ကော်မတီများ ဖွဲ့စည်းခဲ့ခြင်း မရှိခဲ့ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။
“တင်ဒါ ကော်မတီ ဆိုတာတောင် အလှပ်ဘက်ကို ပေးသွင်းရမယ့် ပစ္စည်း (ကျောက်၊ ဘိလပ်မြေ၊ သံ) တွေအတွက်ပဲ တင်ဒါခေါ်ခဲ့တာ၊ ကျန်တဲ့ တည်ဆောက်ရေး ကိစ္စနဲ့ နည်းပညာကိစ္စ အကုန်လုံးက ဘာစိစစ် ရွေးချယ်ရေး ကော်မတီ၊ အရည်အသွေး စစ်ဆေးရေး ကော်မတီတို့ ဘာမှ မရှိဘဲနဲ့ ဌာနတခုတည်းကပဲ တာဝန်ခံပြီးတော့ လုပ်သွားတဲ့ သဘောမျိုး ဖြစ်သွားတယ်၊ ဒီလိုမျိုးဖြစ်လာတဲ့ အခါကျတော့ တာဝန်ခံရမှာက ဌာနပဲ ရှိတော့တာပေါ့” ဟု ၎င်းက ရှင်းပြသည်။
ထိုတင်ဒါ ကော်မတီကို ဆောက်လုပ်ရေးလုပ်ငန်း စတင်ခဲ့သည့် ဖေဖော်ဝါရီလ၌ ဖွဲ့စည်းခဲ့ခြင်း မဟုတ်ဘဲ ထိုတင်ဒါနှင့် ပတ်သက်သည့် ကော်မတီများ မရှိခဲ့ခြင်းကြောင့် ပြည်နယ်အစိုးရက ဖွဲ့စည်းရန် ညွှန်ကြားချက် ထုတ်ခဲ့၍ ဆည်မြောင်း ဦးစီးဌာနက မေလအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဦးထွန်းဌေးက ပြောသည်။
ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် တည်ဆောက်ထားသည့် အရှည်ပေ ၁၂၀၀ ခန့်ရှိ အဆိုပါ ရေငံတား တမံသည် ပြီးခဲ့ သည့် မေလ ၂၇ ရက်နေ့က မိုးကြီးခြင်း ၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ ၁၀ ပေ အမြင့်ရှိ ပင်လယ်လှိုင်းများ ရိုက်ပုတ်ခြင်း တို့ကြောင့် ပေ ၃၀၀ ခန့် ပြိုကျ ပျက်စီးသွားခဲ့ပြီး ယင်းနေရာအနီးရှိ လူနေအိမ်ခြေ ၅ လုံးခန့်လည်း ပျက်စီးသွားခဲ့ရသည်။
မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ အလှပ်ကျေးရွာသည် ပင်လယ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျသဖြင့် လူနေ အိမ်ခြေများ ပျက်စီးခြင်းနှင့် နှစ်စဉ် ကြုံတွေ့ နေရသဖြင့် ၂၀၁၇ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၄၆၅၀ အကုန်အကျ ခံကာ အရှည်ပေ ၁၂၀၀ ရှိ ရေငံတား တမံကို ဆည်မြောင်း ဦးစီးဌာနက တာဝန်ယူ၍ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် ဆောက်လုပ် ခဲ့ပြီး ဧပြီလတွင် တည်ဆောက်ပြီးစီးခဲ့ကာ ယခု မေလကုန်ပိုင်း၌ တမံအပိုင်းတချို့ ပြိုကျပျက်စီးခဲ့ခြင်း ဖြစ်သည်။