ရန်ကုန်မြို့ သာကေတမြို့နယ် ၁၄ ရပ်ကွက် ရှုခင်းသာလမ်းမကြီး၊ မြရည်နန္ဒာအိမ်ရာ၊ အမှတ် ၈ တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုသည် အမျိုးသားဖြစ်သူက ၎င်း၏ ဇနီးကို သတ်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ရဲတပ်ဖွဲ့က အခင်းဖြစ်စဉ်နေရာသို့ ယမန်နေ့မနက်က စတင် ရောက်ရှိသွားပြီးနောက် နယ်မြေခံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ အပါအဝင် တာဝန်ရှိသူများက စစ်ဆေးနေကြောင်း ပြောဆိုခဲ့ပြီးနောက် ဇွန်လ ၂ ရက်နေ့ မနက် ၂ နာရီခန့်တွင် ရဲတပ်ဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် သေဆုံးသူ အိန္ဒိယနိုင်ငံသား Victor Raj သည် လက်ရှိတွင် အလုပ်အကိုင်မရှိဘဲ အကြွေးများစွာ ပေးရန် ရှိနေကြောင်း၊ ဇနီးဖြစ်သူ မခိုင်စံပယ်နှင်းအောင်ကိုလည်း သိန်း ၅၀ အကြွေးဆပ်ရန်ရှိကြောင်း သိရသည်။
သေဆုံးသူ Vitor Raj သည် မသေဆုံးမီ တရက်အလိုက Capital Hyper Market မှ တူနှင့် ဓားမကို ဝယ်ယူခဲ့ကြောင်း ဈေးဝယ်ချလံကို ဖော်ပြခဲ့ပြီး ၎င်းသည် အခြားသူများကို ပေးရန် အကြွေးများရှိနေခြင်း၊ ဒဏ်ရာများတွင်လည်း မိမိကိုယ်ကိုယ် သတ်သေရန် ရည်ရွယ်၍ လက်ကောက်ဝတ် ၂ ဖက်လုံးတွင် သွေးပြန်ကြောလှီးဖြတ် ဒဏ်ရာ ၁ ချက်စီ တွေ့ရခြင်း၊ ဇနီးဖြစ်သူ၏ ဒဏ်ရာတွင်လည်း တူဖြင့်ထုသည့် ချိုင့်ဝင်ဒဏ်ရာ တွေ့ရှိရသဖြင့် ဇနီးကို တူနှင့် ဓား အသုံးပြု၍ သတ်ဖြတ်ခဲ့ကာ သူကိုယ်တိုင်လည်း မိမိကိုယ်ကိုယ် သတ်သေလိုက်ကြောင်း ရဲက စစ်ဆေးတွေ့ရှိသည်ဟု ဖော်ပြခဲ့သည်။
သက်သေခံပစ္စည်းများစာရင်းတွင် အသားခုတ် ဓားမတချောင်းနှင့် တူတချောင်းကို ဖော်ပြခဲ့ပြီး အခင်းဖြစ်နေရာအချို့ကိုလည်း ဓာတ်ပုံများဖြင့် ထုတ်ပြန်ခဲ့ရာ ပြည်သူလူထုက ဓားမဖြင့် သတ်သေခြင်း၊ အကြွေးဆပ်စရာရှိသည်ဟုဆိုကာ ဇနီးဖြစ်သူအား တူဖြင့်ထုသတ်ခြင်းမှာ ယုံကြည်စရာ မကောင်းကြောင်း၊ သက်သေခံပစ္စည်းများကို လက်ဗွေရာ စစ်ဆေးခြင်းများလည်း မတွေ့ရကြောင်း၊ ကိုယ့်ကိုယ်ကိုယ် လှီးဖြတ်သည်ဆိုသည့် လက်ကောက်ဝတ် ၂ ဖက်ရှိ ဒဏ်ရာများမှာ သွေးထွက်မှု လုံးဝ မရှိခြင်း၊ သေဆုံးသူ Victor Raj သည် အဝတ်အစားလုံးဝ မပါဘဲ ကိုယ်ဗလာ ဖြင့် သေဆုံးနေခြင်းများကြောင့် မိမိကိုယ်ကိုယ် သတ်သေသည်ဆိုသည့် အကြောင်းပြချက်မှာ မဖြစ်နိုင်ကြောင်း ဝေဖန်နေကြခြင်း ဖြစ်သည်။
သာကေတရဲစခန်းမှ တာဝန်ကျ ရဲတဦးက “ထုတ်ပြန်ချက် အတိုင်းပါပဲ။ ဓားမကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးသတ်တာတော့ မဟုတ်ဘူးလေ။ သက်သေခံ ဓားတွေက ရှိသေးတယ်။ ဓားချွန်နဲ့ ထိုးတာပါ။ ဖောက်ပြီးသား ဓားချွန်တချောင်းရှိတယ်။ ပါကင်တောင် မဖောက်ရသေးတဲ့ ဓားတချောင်းလည်းရှိတယ်။ ကျန်တာက တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိမ့်မယ်” ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါ ကိစ္စကို သာကေတ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းနေဆဲဖြစ်ပြီး သက်သေအထောက်အထား ခိုင်လုံစွာ ရရှိရန် ဆက်လက် စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။
သေဆုံးသူ Vitor Raj သည် The One Bar တွင် General Manager အဖြစ် လုပ်ကိုင်ခဲ့သော်လည်း ကုမ္ပဏီ၏ စာရွက်စာတမ်းများ ကို ပြန်လည်အပ်နှံခြင်းမရှိသလို ငွေကြေးစာရင်းကိုလည်း ရှင်းလင်းပေးခြင်းမရှိကြောင်း၊ ၎င်းနှင့်ပတ်သက်၍ အကြောင်းအရာများသည် The One Group Co.,ltd နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးညီညီလွင်က ၎င်း၏ ရှေ့နေမှ တဆင့် ကြေညာခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များနှင့် ပတ်သက်၍ မေးမြန်းရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံသို့ ဧရာဝတီ သတင်းဌာနက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်းမရှိပါ။