စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ မီလျံနာ ကွန်ပျူတာနှင့် ဖုန်းအမျိုးမျိုး အရောင်းဆိုင် ဖောက်ထွင်းမှု အဓိကတရားခံနှင့် ဆက်စပ်သူများကို ၉ လ အကြာ ဇွန် ၁ ရက်က မုံရွာမြို့တွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ကလေးမြို့ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်က “ CID နဲ့ ပေါင်းစပ်ပြီး မိထားတာပါ။ အဓိကခိုးတဲ့ တရားခံနဲ့ ဆက်စပ်သူတွေကို မိထားပြီ။ သက်သေခံပစ္စည်းတွေ ဖမ်းဆီးရမိရေး ဆက်လက် ဖော်ထုတ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညပိုင်းက ကလေးမြို့လယ် ဗိုလ်ချုပ်လမ်းဆုံ မီးပွိုင့်အနီးရှိ မီလျံနာ ကွန်ပျူတာ၊ မိတ္တူနှင့် ဖုန်းအမျိုးမျိုး အရောင်းဆိုင်ရှိ ဖုန်းအမျိုးအစားစုံ အလုံး ၇၀ ကျော်၊ ကင်မရာ ၁ လုံးနှင့် ငွေကျပ် ၅၀,၀၀၀ ခန့် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၇၈ သိန်းဖိုး ဖောက်ထွင်းခိုးယူ ခံရမှုကြောင့် ဆိုင်ပိုင်ရှင်ဦးကျော်စွာလင်းက ကလေးမြို့မ ရဲစခန်းတွင် ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်တိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုအမှုနှင့် ပတ်သက်ပြီး နီးစပ်ရာ နယ်မြေရဲစခန်းများသို့ ပျောက်ဆုံးဖုန်းများ၏ ကုတ်နံပါတ်များကို ပေးပို့အကြောင်းကြား ထားခဲ့ရာ ယခုနှစ်မေလအတွင်း ချောင်းဦးရဲစခန်း၌ ခိုးမှုမသင်္ကာမှုဖြင့် ဖမ်းဆီးထားမိသူ စိုးလွင်ဦး(ခ) နန်းဝေဖြိုးနှင့် ဇင်ကိုတို့ နှစ်ဦးကို ကလေးမြို့မီလျံနာဖုန်းဆိုင် ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ ပေးပို့ထားသော ပျောက်ဆုံးဖုန်း ကုတ်နံပါတ်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မီလျံနာ ဖုန်းဆိုင်ပိုင်ရှင် ဦးကျော်စွာလင်းက “တရားခံ ၂ ယောက်၊ ပစ္စည်းလက်ခံ ၂ ယောက် စုစုပေါင်း ၄ ယောက်လို့ ပြောတယ်။ ကျနော်တို့လည်း ဆုံးရှုံးထားတယ်။ ရဲကလည်း ကြိုးစားပမ်းစား ဖမ်းထားတယ်။ ဒါပေမယ့် တရားရုံးကျမှ တရားစီရင်တာကို ပေါ့ပေါ့လျော့လျော့ စီရင်မှာပဲစိုးတာ။ သူခိုးတွေကလည်း အတွေ့အကြုံရှိတဲ့ သူခိုးတွေဆိုတော့ သက်သေခံပစ္စည်းကို မအပ်ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ ဖုန်းအခိုးခံရမှု ၄ ကြိမ် ရှိပြီဖြစ်ကြောင်းနှင့် ယခင်အမှုဟောင်းများတွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သောကြောင် တိုင်းရုံးသို့ အယူခံတက်ရာတွင် တရားခံများက သက်သေခံပစ္စည်းများ ထားသည့်နေရာကို မမှတ်မိဟု ငြင်းဆိုခဲ့သောကြောင့် သက်သေခံပစ္စည်း မရှိဟုဆိုကာ လွှတ်လိုက်သဖြင့် ယခုအမှုနှင့် ပတ်သက်ပြီး စောင့်ကြည်ရမည်ဟု ဦးကျော်စွာလင်းက ရှင်းပြသည်။
မီလျံနာ ဖုန်းဆိုင် ဖောက်ထွင်းသည့် အဓိကတရားခံဖြစ်သူ အပါအဝင် အပေါင်းပါများနှင့် သက်သေခံပစ္စည်းမျာကို စုံးစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိသေးသည့် သက်သေခံပစ္စည်းများ ထပ်မံရရှိရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောသည်။