မတ္တရာမြို့နယ်တရားသူကြီးကို တရားခွင်အတွင်း ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သူ တရားလွှတ်တော် ရှေ့နေဦးဇော်ဝင်းကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့် တိုင်တန်းထားကြောင်း မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်စိုးက ဧရာဝတီသို့ ပြောသည်။
တရားရေး ဦးစီးမှူး ဦးမြင့်စိုးက “ဒီလိုလူအများကြီးရှေ့မှာ နိုင်ငံတော်ကိုယ်စားရှိနေတဲ့ တရားသူကြီးကို ဖိနပ်နဲ့ချွတ်ပြီး ပစ်ပေါက်တယ်။ အဲဒါကြောင့် မြို့နယ်တရားသူကြီးက ဒီအပြုအမူကို လက်မခံနိုင်လို့ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ အဲဒီနေ့မှာပဲ ချက်ချင်းကို ရဲစခန်းမှာ အမှုဖွင့်တိုင်လိုက်တယ်” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းသည် မေလ ၃၀ ရက်နေ့က မတ္တရာမြို့နယ်တရားရုံးတွင် အမှုစစ်ဆေးနေစဉ် မြို့နယ်တရားသူကြီးက ၎င်း၏ အမှုအတွက် အာမခံ ရုတ်သိမ်းသည်ဟုဆိုကာ တရားခွင်အတွင်း တရားသူကြီးအား ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့ခြင်း၊ ညစ်ညမ်းသည့် စကားလုံး အသုံးအနှုန်းဖြင့် ပြောဆိုခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြုမူခဲ့သူ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းကို ပုဒ်မ ၃၅၃ အရ တာဝန်ဝတ္တရားဖောက်ဖျက်မှု၊ ပုဒ်မ ၂၂၈ အရ တရားစီရင်ရေး အနှောင့်အယှက် ဖြစ်အောင်ပြုမှု နှင့် ပုဒ်မ ၂၉၄ (ခ) အရ ဆဲဆိုမှု တို့ဖြင့် မတ္တရာမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်ခြင်း ဖြစ်သည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းတရားရေးဦးစီးဌာနက ဖြစ်စဉ် ဖြစ်ပွားရသည့် အခြေခံ အကြောင်း အရင်းများအား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။
“လူကို စစ်မှာမဟုတ်ပါဘူး။ ဖြစ်စဉ်ကို စစ်ဆေးမှာဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုး နောင်ပိုင်း မဖြစ်အောင် ဘယ်လို တားရမလည်း ဆိုတာ သိရဖို့အတွက်ပါ။ လက်ရှိအနေအထားဖြစ်သွားတဲ့ကိစ္စက ပွင့်ပွင့်လင်းလင်း ပြောရရရင် တရားရုံးအဂါင်္ရပ်နဲ့ ညီတဲ့ဟာက ရှားတယ်။ တရားခွင်ဆိုတာကလည်း သတ်မှတ်အကျယ်အဝန်း၊ သူနေရာ နှင့်သူရှိနေမယ်ဆိုရင် ဒီလိုကိစ္စတွေ မဖြစ်ဘူး” ဟု တိုင်းတရားရေး ဦးစီးမှုး ဦးမြင့်စိုးက ရှင်းပြသည်။
အဆိုပါတိုင်တန်းချက်နှင့် ပတ်သတ်၍ မတ္တရာမြို့နယ်ရဲစခန်းအား ဆက်သွယ်မေးမြန်းကြည့်ရာ အထက်က မှာကြားထား၍ လောလောဆယ် ဖြေကြားခွင့်မရှိသေးကြောင်း စခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဆေးစာအတု ပြုလုပ်သည်ဟု တရားစွဲခံထားရသည့် တရားလွှတ်တော် ရှေ့နေဦးဇော်ဝင်းသည် ၂၀၁၂ ခုနှစ်က ပြင်ဦးလွင်မြို့ရှိ ကန်ထရိုက်တာတဦးနှင့် မြေပိုင်ရှင်တဦး အပြန်အလှန် ပြဿနာဖြစ်ပြီး အမှုဖွင့်ရာတွင် ကန်ထရိုက်တာ ဘက်မှ ရှေ့နေ အဖြစ် လိုက်ပါဆောင်ရွက်နေသူ ဖြစ်သည်။
ကန်ထရိုက်တာက အမှုနှင့် ပတ်သက်၍ အာမခံရရန် ဆေးစာတစောင် တောင်းရာတွင် ၎င်းပြသနေကျဖြစ်သည့် အမှတ် ၁ တပ်မတော် စစ်ဆေးရုံမှ ရယူခဲ့ကာ ဆေးစာကို တရားရုံးသို့ တင်ပြခဲ့ကြောင်း၊ အဆိုပါ ဆေးစာကို မမှန်မကန် အသုံးပြုသည်ဟုဆိုကာ စစ်ဆေးရုံဘက်က အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို တရားရုံးတွင် တိုင်တန်းခဲ့ရာ တရားရုံးက အမှုကို လက်ခံခဲ့ကြောင်း၊ ထို့နောက် အမှုနှင့်ပတ်သက်သည့် အာမခံ ပယ်ချခံရစဉ် တရားသူကြီးကို ဖိနပ်ဖြင့် ပစ်ပေါက်ကာ ရိုင်းစိုင်းသည့် စကားများ သုံးနှုန်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး တရားရုံး မှုခင်းဆိုင်ရာများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင် ဒေါ်သဲဆုဝေက “ဒီအမှုဟာ တရားမမျှတဘူး ဖြစ်နေတယ်ဆိုရင်တောင် တရားခွင်မှာ အဲဒီလို ကိုယ်ထိလက်ရောက် လုပ်ခွင့်မရှိပါဘူး။ အမှန်တရားက ဘယ်လိုဆိုတာ ရှင်းပြပြီး ရှေ့ဆက်ရမှာ၊ အခုလိုအပြုအမူကြောင့် ပြစ်မှုမြောက်သွားနိုင်ပါတယ်။ အကယ်၍ မှားနေတယ်ဆိုရင် တရားသူကြီးချုပ်ကို တိုင်ကြားလို့ရနိုင်တဲ့ အခွင့်အရေးတွေ ရှိနေပါသေးတယ်” ဟု သုံးသပ်ပြောဆိုသည်။
မြို့နယ်တရားသူကြီးက အာမခံရုတ်သိမ်းခြင်းမှာ အထက်အမိန့်ကြောင့် ဆိုသည့်စကားအား “တရားသူကြီးဟာ သူကိုယ်တိုင်ပဲ တရားရေးမှာ စီရင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ တရားရုံးမှာ အထက်အမိန့်ဆိုတာ မရှိပါဘူး။ အာမခံစည်းကမ်းမလိုက်နာရင် ဆိုင်ရာတရားသူကြီးဟာ အာမခံကို ရုတ်သိမ်းခွင့်ရှိပါတယ်” ဟု ဦးမြင့်စိုးက ပြောသည်။