မကြာသေးသော ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဦးတည်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကောက်ဗဇားအရပ်တွင် ခိုလှုံနေရသည့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည် စိုရွှဲပြီး ခိုကိုးရာမဲ့ ဖြစ်ကာ ၎င်းတို့ ဒုက္ခသည် စခန်း အပျက်အစီးများ အကြားမိုးရေထဲတွင် တညတာ ငုတ်တုတ်ထိုင်ပြီး အကူအညီများကို စောင့်ဆိုင်းနေကြရသည်။
ဆိုင်ကလုန်း ‘မိုရာ’ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၅၉ ဒဏ်ရာရသည်ဟု မြန်မာနိုင်ငံနှင့် နယ်နမိတ် ချင်း ထိစပ်နေသော ဒေသဖြစ်သည့် ကော့ဗဇား ခရိုင်အုပ်ချုပ်ရေးမှူး မိုဟာမက်အလီဟူစိန် ၏ အဆိုအရ သိရသည်။
ကော့ဗဇားရှိ ကုလသမဂ္ဂ အထက်တန်း အရာရှိ တဦးက စခန်းများအတွင်း သေဆုံးမှု မရှိဘဲ အနည်းငယ်သာ ဒဏ်ရာရသည် ဟု ပြောသည်။
မုန်တိုင်းဒဏ် အဓိကခံခဲ့ရသော ထိုဒေသသည် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် မြန်မာစစ်တပ်၏ ချေမှုန်းမှုမှ လွတ်မြောက်ရန် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးလာကြသော မွတ်စလင်များအတွက် ဒုက္ခသည် စခန်းများ ရှိရာ ဒေသ ဖြစ်သည်။
“ကနဦး သတင်းတွေအရ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ အပျက်အစီး ရှိကြောင်း သိရပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် မြန်မာစစ်တပ်က တန်ပြန် ထိုးစစ်ဆင်ခဲ့သည့် လွန်ခဲ့သော အောက်တိုဘာလက ဒုက္ခသည်များ ထပ်မံ ဝင်ရောက်လာပြီး နောက် ဒုက္ခသည် စုစုပေါင်း ၃၅၀၀၀၀ ခန့် ထိုဒေသတွင် ရှိနေသည် ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ခန့်မှန်းချက် အရ သိရသည်။
ဘင်္ဂလား ပင်လည်အော်မှ မုန်တိုင်း ဝင်မလာမီ ကော့ဗဇားနှင့် အနီးရှိ စစ်တကောင်းမှ အာဏာပိုင်များသည် လူပေါင်း ၃၅၀၀၀၀ ကို မြေနိမ့် ရပ်ကွက်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသည်။
ဦးစားပေ အစီအစဉ်များ အရ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကဲ့သို့သော ထိခိုက်နိုင်ခြေ အများဆုံးသူများကို နေရာ ရွှေ့ပြောင်း ပေးနေရသော ကြောင့် မုန်တိုင်း တိုက်ခတ်ချိန်တွင် ဒုက္ခသည် အများစုသည် ခနော်နီ ခနော်နဲ့ အမိုးအကာလေး များ အတွင်း နေထိုင်ခဲ့ကြရသည်။
ကော့ဗဇားရှိ စခန်းများ အနက် တခုဖြစ်သော ကူတူပလောင် စခန်းအုပ်ချုပ်ရေးမှူး အိုမာဖာရွတ် (Omar Farukh) က ဒုက္ခသည်များ၏ ကံကြမ္မာဆိုးကို ပြန်လည် ပြောပြသည်။
“တော်တော် ခက်ခဲ ကြမ်းတမ်းလွန်းတဲ့ အချိန်ကို ကျနော်တို့ ဖြတ်သန်းခဲ့ရတယ်။ ခေါင်းပေါ်မှာ သွပ်မိုးလည်း မရှိ၊ ပလပ်စတစ် အမိုးလည်း မရှိနဲ့ ကျနော်တို့ အားလုံးမိုးထဲမှာ ဒီလိုပဲ တညလုံး နေလိုက်ကြရတာ။ ကျနော်တို့ရဲ့ ရှိသမျှ ပိုင်ဆိုင်မှုလေးတွေကို ပလပ်စတစ်စတွေနဲ့ တတ်နိုင်သမျှ ကာကွယ်ဖို့ ကြိုးစားနေရတယ်” ဟု ဖာရွတ်က ရိုက်တာ သတင်းဌာနသို့ ဖုန်းမှ တဆင့်ပြောသည်။
စောင့်လင့်နေဆဲ
မိုးရာသီအစတွင် ဖြစ်ပေါ်သော ဆိုင်ကလုန်း မုန်တိုင်းသည် အိန္ဒိယ နိုင်ငံတောင်ဘက်စွန်းရှိ သီရိလင်္ကာတွင် ရေကြီး မြေပြိုမှုများ ဖြစ်စေခဲ့ပြီး မကြာမီ ရက်များ အတွင်းလူ ၂၀၂ ဦး သေဆုံးစေခဲ့ပြီး ၉၆ ဦး ပျောက်ဆုံးနေသည်ဟု အာဏာပိုင်များက ကြေညာသည်။
အိန္ဒိယရေတပ် သင်္ဘောတစင်းက စစ်တကောင်း ကမ်းလွန်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၃ ဦးကို ကယ်တင်ခဲ့သည်ဟု ဒါကာရှိ အိန္ဒိယသံရုံးက ပြောသည်။ သို့သော် ထိုသူများသည် နစ်မြုပ်သွားသော လှေမှ ဖြစ်သည် ဟု လည်းကောင်း၊ မုန်တိုင်းဒီရေဖြင့် မျောပါလာသည် ဟု လည်းကောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မြန်မာနိုင်ငံတွင်မူ သယ်ယူ ပို့ဆောင်ဆက်သွယ်ရေးများ ပြတ်တောက်ကုန်သည် ဟု နိုင်ငံပိုင် မီဒီယာက ကြေညာသည်။
မြန်မာနိုင်ငံမှ ဒုက္ခသည် စခန်းများလည်း အပျက်အစီး ကြီးမားစွာ ခံစားရပြီး ရပ်ရွာများတွင်လည်း အပျက်အစီးတချို့ ရှိသော်လည်း အသေအပျောက် သတင်း မရရှိပေ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မုန်တိုင်း ဝင်ရောက်စဉ် လေတိုက်နှုန်း တနာရီ ၈၅ မိုင် ရှိပြီး မိုးသည်းထန်ခဲ့သည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက မုန်တိုင်စဲသွားချိန်တွင် ပုံမှန်မိုးသာ ရွာပြီး လေဆိပ်နှင့် ဆိပ်ကမ်းများ ပြန်လည် ဖွင့်ခဲ့သည်။
အကူအညီ ပေးရေး အေဂျင်စီ အရာရှိများသည် လိုအပ်သည်များကို ဖြည့်ဆည်းရန် ကူတူပလောင် စခန်းသို့် လာရောက် ခဲ့သည် ဟု ရိုဟင်ဂျာ ရပ်ရွာခေါင်းဆောင် ဖာရွတ်က ပြောသည်။
ဘာလူခါလီ စခန်းသို့ သွားရောက်ခဲ့သော ကယ်ဆယ်ရေး လုပ်သားတဦးကမူ တဲ ၄ လုံးတွင် တလုံး ပျက်စီးသော်လည်း ပြင်းထန်သော ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်းနှင့် ပြန်လည် ပြင်ဆင်နေကြောင်း ပြောသည်။
ထိုစခန်းများ အပြင် အာဏာပိုင်များသည် အခြားပျက်စီးမှုများကိုလည်း လေ့လာနေသည် ဟု ဆိုသည်။ အုပ်ချုပ်ရေးမှှှူး၏ အဆိုအရ ခရိုင်အတွင်း အိမ်ပေါင်း ၁၇၅၀၀ မှာ လုံးဝ ပျက်စီးသွားပြီး ၃၅၀၀၀ မှာ တစိတ်တပိုင်း ပျက်စီးသွားသည် ဟု ဆိုသည်။
“ခရိုင်ထဲက ခနော်နီခနော်နဲ့ အိမ်တွေ အားလုံးနီးပါးကို မုန်တိုင်းက လုံးဝ ဒါမှမဟုတ် တစိတ်တပိုင်း ဖျက်ဆီးလိုက်တယ်။ ရိုဟင်ဂျာ စခန်း သက်သက်တော့ မဟုတ်ဘူး” ဟု ဟူစိန်က ပြောသည်။
ထိုဆိုင်ကလုန်း မုန်တိုင်းသည် ကုန်းတွင်းသို့ ဝင်ရောက်ပြီး အရှေ့ပိုင်း နယ်စပ်မှ အိန္ဒိယနယ်စပ်သို့ ရောက်သောအခါ အားပျော့သွားသည်။
လေပြင်းနှင့် မိုးသည်းထန်ခြင်းက အိမ်များ၊ ဓာတ်အားလိုင်းများကို ဖျက်ဆီးပြီး၊ အန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်လည်း ဆက်သွယ်ရေး လိုင်းများကို ဖျက်ဆီးလိုက်သည်။
မိုးလေဝသဌာနကမူ မုန်တိုင်း အခြေအနေသည် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းသို့် ဆက်လက်ရွေ့ရှားပြီး လေဖိအားနည်း ရပ်ဝန်းအဖြစ် အားနည်းသွားမည် ဆိုသည်။
အခြားသော အိန္ဒိယ အရှေ့မြောက်ပြည်နယ်များသည် အင်္ဂါနေ့ ညနေတွင် မိုးသည်းထန်မှုများ ခံစားခဲ့ရသည်။
(Reuters သတင်းတရပ်တွင် ဖော်ပြထားသည့် Nowhere to go for Rohingya Refugees in Bangladesh After Cyclone Wrecks Camps သတင်းကို ဘာသာပြန်သည်။)