ရန်ကုန်တိုင်းဒေသကြီးရှိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရသော အမှုတွဲပေါင်း၁၉၀၁ တွဲ ရှိသော်လည်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိမ်းယူခဲ့သည့်မြေများကို ပြန်လည် တောင်းခံမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
ယင်းသို့ အမှုတွဲပေါင်း ၁၉၀၁တွဲ ရှိသော်လည်း လက်ရှိတွင် လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီ ဗဟိုသို့ ၅၉ တွဲသာ ရောက်ရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု ပြန် လည် စိစစ်ရေး ကော်မတီအတွင်းရေးမှူး ၊ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းမြင့်က ဇွန်လ ၁ ရက်နေ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးသန်းမြင့်က “ အခုလယ်မြေအမှုတွဲတွေကို ရပ်ကျေးအဆင့်ကနေ စပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အမှုတွဲပေါင်း ၁၉၀၁ တွဲ ရှိတယ်။ စာရွက်စာတမ်းတွေ ပြီးပြည့်စုံမှု အားနည်းတဲ့အတွက် စစ်ဆေးတဲ့နေရာမှာ ကြာနေတာပါ။ အရင်အစိုးရ လက် ထက်က လယ်မြေနဲ့ အခြားမြေ သိမ်းဆည်းခံရမှုက ဖြေရှင်းဖို့ ကျန်တာ ၄၀၀၀ ကျော်ရှိပါတယ်။ ဒါတွေကို လက်ရှိအစိုးရ လက်ထက်မှာ မူဝါဒပြန်ဆွဲ ၊အဖွဲ့တွေစေလွှတ်၊ လယ်သမားကိုယ်စားလှယ်တွေနဲ့ လယ်သမားတွေ မနစ်နာအောင် ပြန် တင်ဖို့ ကြေညာခဲ့ပါတယ်။ အဲဒီမြို့နယ်တွေက တက်လာတဲ့ အမှုတွေကို သတ်သတ်ဖြေရှင်းပေးပါတယ်’’ ဟု ပြောသည်။
လက်ရှိတွင် လယ်မြေ အမှုတွဲမှာ ရန်ကုန်အရှေ့ပိုင်း ခရိုင်တွင် ၉၉၁ တွဲ၊ အနောက်ပိုင်းခရိုင်တွင် ၁၇၁ တွဲ၊ တောင်ပိုင်းခရိုင်တွင် ၁၅၃ တွဲနှင့် မြောက်ပိုင်းခရိုင်တွင် ၅၈၆ တွဲဖြင့် စုစုပေါင်း ၁၉၀၁တွဲ ရှိပြီး ယင်းတို့ကို ရပ်ကျေး အဖွဲ့(ကျေးရွာအုပ်စု ကော်မတီ) က စတင် စစ်ဆေးကာ ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် ၆၆ တွဲ၊ အနောက်ပိုင်း ခရိုင်တွင် ၄၆ တွဲ၊ တောင်ပိုင်းခရိုင်တွင် ၁၀၈ တွဲနှင့် မြောက်ပိုင်းခရိုင်တွင် ၁၈၇ တွဲ၊ စုစုပေါင်း ၄၀၇တွဲကို ခရိုင်အဆင့် လွှတ်တော် ကိုယ်စားလှယ်များထံသို့ လွဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် လယ်ယာမြေ စုံစမ်း စစ်ဆေးရေးကော်မတီသို့ ပြီးပြည့်စုံစွာ တင်ပြထားသော အမှုတွဲမှာ ၁၈၀ တွဲခန့် ရှိပြီး ဗဟိုအဆင့်သို့ တင်ပြထားသော အမှုတွဲမှာ ၅၉ တွဲခန့်သာ ရှိကြောင်း ယခုအချိန်တွင် လွတ်တော် ကိုယ်စားလှယ်များက လယ်မြေအမှုတွဲပေါင်း ၁၅၇ တွဲခန့်နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးနေကြောင်း ဦးသန်းမြင့်က ပြောသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်က ဖြေရှင်းရန် ကျန်ရှိနေသော လယ်ယာမြေ အမှုတွဲပေါင်း ၄၀၀၀ ကျော်ကို ယခင်က ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့ခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးကာ လျော်ကြေးငွေများ ပေးအပ်ခဲ့သော်လည်း ကာလ ပေါက်ဈေးနှင့် ကွာဟနေ၍ အငြင်းပွားခြင်းများ ရှိနေကြောင်း ဗဟိုအဖွဲ့က သင့်တော်သည့် ဈေးနှုန်းသတ်မှတ်ရန် လုပ်ဆောင်နေပြီး လယ်ယာမြေဥပဒေတွင် အားနည်းနေသည့် အချက်များကို တွေ့ရှိရ၍ လာမည့်လွှတ်တော်တွင် ပြင်ဆင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၁၉၉၆ မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့သစ် ၆ မြို့နယ် တိုးချဲ့ရန် သိမ်းဆည်းလယ်ယာမြေဧက ၁ သိန်းကျော်ရှိပြီး ယခင်အစိုးရလက်ထက်နှင့် ယခုအစိုးရလက်ထက်အတွင်း သိမ်းဆည်းထားသော လယ်မြေ ဧရိယာကို ဖော်ပြရန်မှာ အငြင်းပွားမှုများ ရှိနေသောကြောင့် ပြောဆို၍ မရနိုင်သေးကြောင်း ၎င်းကပြောသည်။
မြို့နယ်အလိုက် တင်ပြလာသော လယ်ယာမြေ အမှုတွဲများအပေါ်ကြည့်ပြီး ကာလပေါက်ဈေးနှင့် လျော်ကြေးပေးခြင်း၊ မြေအစားထိုးပေးခြင်းနှင့် သီးနှံလျော်ကြေးပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သိမ်းဆည်းခဲ့သော်လည်း စီမံကိန်း ဆောင်ရွက်ခြင်း မရှိသော မြေယာဧက ၆၃၂၈ ဧကကို မှုလပိုင်ရှင်များထံသို့ လွဲှပြောင်း ပေးအပ်ခဲ့ပြီး တချို့လယ်မြေ သိမ်းဆည်းခံရမှုများမှာ ထပ်နေခြင်းများ ရှိနေခြင်းနှင့် တချို့ မှာ အစိုးရက လျော်ကြေးပေး သော်လည်း ကျေနပ်မှုမရှိသောကြောင့် လျော်ကြေးမယူသည့် လယ်သမားများလည်း ရှိကြောင်း သိရသည်။