သတင်း

သက်ငယ်မုဒိန်းမှု ကြားဝင်ညှိနှိုင်းသူ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကို တရားစွဲထား

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ ရေးမြို့နယ် ကလော့ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အသက်သုံးနှစ်ခွဲအရွယ်ရှိ မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့်ခဲ့သည့် တရွာတည်းနေ မောင်ထူးဆိုသူကို မေလ ၂၈ ရက်ဖမ်းမိခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း ရေးမြို့ မြို့မရဲစခန်းမှ သိရသည်။

ရေးမြို့ မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ချစ်သန်းက “တရားခံကို မိထားတယ်၊ တိုင်တိုင်ခြင်း ၂၇ ရက်နေ့မှာ သွားဖမ်းတယ်။ မမိဘူး။ ဒီကောင်က အိမ်မှာပြန်မအိပ်ဘူး။ အိမ်ပြန်အိပ်ရင် ရဲဖမ်းမှာကြောက်လို့ ရှောင်နေတာ။ ကျနော်တို့က ကင်းပုန်းသွားဝပ်တယ်။ မေလ ၂၈ ရက် မနက် ၄ နာရီလောက်မှာ မိတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ မေလ ၁၅ ရက် ညနေ ၅ နာရီခန့်တွင် အသက်သုံးနှစ်ခွဲအရွယ် မိန်းကလေးငယ်လေး နေထိုင်ရာ အဒေါ်၏နေအိမ်မှ ခင်မင်ရင်းနှီးကြသည့် တရွာတည်းနေသူ မောင်ထူး (၃၅ နှစ်) က ချီယူခေါ်ဆောင်သွားပြီး အိမ်အနောက်ဘက်ရှိ ရာဘာခြံ၌ အဓမ္မပြုကျင့်ခဲ့ပြီးနောက် မိန်းကလေး၏အဒေါ်ဖြစ်သူ နေအိမ်သို့ ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။

ကလေးမှာ ငိုနေသဖြင့် အဒေါ်ဖြစ်သူက ချော့မော့မေးမြန်းရာမှ မောင်ထူးကမိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်ဟု ထိုအမှုကို လိုက်လံကူညီပေးနေသည့် စံပြလူထု အခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ ရှေ့နေဒေါ်ယုနန္ဒာအောင်က ပြောသည်။

“သူ့အဒေါ်က အဲဒီနေ့က တဖက်ရွာကိုသွားပြီး ပြန်လာတော့ ကလေးက အိမ်ရှေ့မှာငိုနေတော့ ဘာဖြစ်လို့ငိုတာလည်း မေးတော့ မောင်ထူးက သူ့ကိုပါးရိုက်လို့ ငိုတာတဲ့။ ဘာဖြစ်လို့ ပါးရိုက်လဲဆက်မေးတော့ ကလေးက သူ့ရဲ့ဘောင်းဘီကို ချွတ်ပြီးတော့ အဲလိုမျိုး သူ့နဲ့ဆက်ဆံလို့ နာကျင်လို့ ငိုတယ်လို့ ကလေးက အဲဒီလိုပြန်ပြောတယ်” လို့ ကလေးအဒေါ်ဖြစ်သူက ပြန်လည်ပြောပြခဲ့ကြောင်း ဒေါ်ယုနန္ဒာအောင်က ဆက်ပြောသည်။

မိန်းကလေးငယ်၏ မိဘများမှာ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေကြသဖြင့် အဘွား၊ အဒေါ်ဖြစ်သူတို့နှင့် အတူနေထိုင်နေရသူ ဖြစ်သည်။ မိန်းကလေးငယ်မှာ နေ့စဉ်ရက်ဆက် နာကျင်မှုကြောင့် ငိုနေသဖြင့် ရေးမြို့ဆေးရုံကြီးသို့ သွားရောက်ကုသစဉ် မုဒိန်းမှုဖြစ်နေသဖြင့် ဆေးကုသရန် ရဲစခန်းထောက်ခံချက် လိုအပ်သောကြောင့် ရဲစခန်းသို့ ထောက်ခံချက် သွားယူခဲ့ရာမှ အခင်းဖြစ်ပြီး ၁၀ ရက်ကျော်အကြာ မေလ၂၇ ရက်တွင် ကလေးအဒေါ်ဖြစ်သူက တရားလိုပြု၍ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ကြပ်ကြီးချစ်သန်းက ရှင်းပြသည်။

“အမှုက မေ ၁၅ မှာ ဖြစ်တယ်။ ၂၇ ရက်မှာ လာတိုင်တယ်။ အဲဒီမတိုင်ခင် ရွာမှာညှိကြတယ်။ ရဲစခန်းမရောက်အောင်ပေါ့၊ မောင်ထူးကနေ ဒေါ်သန္တာအေးကို (ကလေးမလေးရဲ့အဒေါ်) ပိုက်ဆံ ၄ သိန်းပေးဖို့ အုပ်ချုပ်ရေးမှူးက မေလ ၂၂ ရက် တခါချိန်းတယ်။ မေလ ၂၄ ရက် တခါချိန်းတယ်။ အဲဒီမှာ အပေးအယူမတည့်ကြတော့ ရဲစခန်းကိုရောက်လာတာ” ဟု ရဲတပ်ကြပ်ကြီးချစ်သန်းက ဆိုသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရေးမြို့ မြို့မရဲစခန်းက အမှုကျူးလွန်ခဲ့သူ မောင်ထူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးမ၊ ကျေးရွာ ဖွံ့ဖြိုးရေးအဖွဲ့ဝင် ၂ ဦး အပါအဝင် စုစုပေါင်း ၅ ဦးကို ပြစ်မှုနံပါတ် (ပ) ၁၅၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ – ၃၇၆/ ၅၀၆/ ၂၀၂ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း ၎င်းက ပြောသည်။

ထိုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ကလော့ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာရေးမ၊ ကျေးရွာဖွံ့ဖြို့ရေး အဖွဲ့ဝင် ၂ ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ရန်အတွက် ရေးမြို့မရဲစခန်းက ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ခွင့်ပြုချက်စာ တင်ထားသော်လည်း အကြောင်းပြန်ချက် မရသေးကြောင်း ၎င်းက ဆက်ပြောသည်။

မုဒိန်းမှုဖြင့် ဖမ်းဆီးခံထားရသူ မောင်ထူးသည် ဇနီးနှင့် သားသမီးသုံးယောက်ရှိပြီး လက်ရှိတွင် ၎င်း၏ဇနီးမှာ ကိုယ်ဝန်လွယ်ထားသူဖြစ်ကြောင်းနှင့် မောင်ထူးက မုဒိန်းမှုအား ရဲစခန်းသို့ မတိုင်ကြားရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ငွေပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မိန်းကလေးငယ်သည် ရေးမြို့နယ် ဆေးရုံကြီး၌ ကုသမှု ခံယူနေရပြီး အဓမ္မပြုကျင့်ခံထားရသည့် အနာဒဏ်ကြောင့် ဆီးသွားလျှင် နာကျင်သည့်ဝေဒနာ၊ ကြောက်လန့်သည့် ဝေဒနာများ ခံစားနေရပြီး၊ နေ့စဉ်ငိုနေကြောင်း ထိုအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် စံပြလူထူအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့မှ အမျိုးသမီးနှင့် ကလေးအစီအစဉ် တာဝန်ခံ ဒေါ်ချယ်ရီစိုးက ပြောသည်။

“ကလေးက သူ့ရဲ့အနာကြောင့် ညဉ်းတွားနေတယ်။ ကလေးက နည်းနည်း အစာအဟာရချို့တဲ့နေတယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း နည်းနည်း ကြောက်လန့်နေတာ ရှိတယ်။ အဓိကအဆိုးဆုံးက အနာကမကျက်သေးဘူး။ အနာကြောင့် ကလေးက အမြဲငိုနေတော့ သူ့အနာက တော်တော်စိုးရိမ်ရတယ်” ဟု ၎င်းက ဆိုသည်။

သက်ငယ်မုဒိန်းမှုများကို မြို့နယ်တရားရုံးများ၌ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်သာ ချမှတ်နိုင်သဖြင့် ထိုအမှုများအပေါ် ကြီးလေးသည့်ပြစ်ဒဏ် ချမှတ်နိုင်ရေးအတွက် အမှုကို ခရိုင်သို့ ရောက်စေလိုကြောင်းနှင့် မိန်းကလေးငယ်အား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားရန် ကြိုးပမ်းလျက်ရှိကြောင်း ဒေါ်ချယ်ရီစိုးက ဆက်ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading