သတင်း

ပုသိမ် လူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင် ပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

“စစ်ပွဲအလိုမရှိပြဇာတ်”အား လူမှုကွန်ရက် Facebook ၌ တိုက်ရိုက် Live လွှင့်တင်ခဲ့သူ ပုသိမ်မြို့မှ လူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ – HRAA ခေါင်းဆောင် ဦးထွန်းထွန်းဦးအား ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုသည့်အတွက် ယနေ့နံနက်ပိုင်းက ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဦးထွန်းထွန်းဦးသည် ယခုနှစ်ဆန်း ဇန်နဝါရီလ ၉ရက်နေ့က ပုသိမ်ဟိုတယ်၌ ကျင်းပသည် စစ်ပွဲအလိုမရှိပြဇတ် ကို လူမှုကွန်ရက် Facebook တွင် တိုက်ရိုက် Live လွှင့်တင်ခဲ့သဖြင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်က အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄ (ဃ) ဖြင့် ပုသိမ်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီးဖြစ်သော်လည်း ရဲတပ်ဖွဲ့က မြို့နယ် ဥပဒေဌာနသို့ ထပ်မံအကြံတောင်းတင်ပြခဲ့ရာ ဥပဒေဌာနက အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄ (ဃ) အစား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) သို့ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပုသိမ်မြို့မ စခန်းမှူး ဒုရဲမှူး မျိုးသူက “ဆက်သွယ်ရေးဝန်ကြီးရဲ့မှတ်ချက်လည်း ရထားပြီးပါပြီ။ ပုဒ်မ ၃၄ (ဃ) ကို ဥပဒေအကြံတောင်းတင်တော့ ဥပဒေက ၆၆ (ဃ) နဲ့ အကျုံးဝင်တယ်ဆိုပြီး အဲ့ဒီပုဒ်မနဲ့ ပြန်ချပေးတဲ့အတွက် ဦးထွန်းထွန်းဦးကို ဒီကနေ့ မနက်ပိုင်းမှာပဲ ဖမ်းဆီးခဲ့တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလော ဦးထွန်းထွန်းဦးအား ပုသိမ်မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး မနက်ဖြန် ဇွန်လ ၅ ရက်နေ့တွင် ပုသိမ်မြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

HRAA အဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဦးက “ကျနော်အရင်ကတည်းက ပြောခဲ့ပြီးပါပြီ။ စစ်ပွဲအလိုမရှိပြဇာတ်မှာ ကျနော့်သားပါနေလို့  ကျနော့်မိတ်ဆွေတွေ ကြည့်လို့ရအောင် ကျနော့် Facebook ကနေ Live လွှင့်ခဲ့တာ ဖြစ် တယ်။ တပ်မတော်ကို ထိခိုက်စေဖို့ သိက္ခာကျ စေဖို့လုပ်တာ လုံးဝမဟုတ်ဘူး။ Facebook မှာ Live လွှင့်တာ ဘာမှထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ကိုယ့်မိတ်ဆွေတွေကို ဝေမျှချင်ရင် ဒီလိုပဲ လူတိုင်း Live လွှင့်နေကြတာပဲ။ အဲဒါကို တပ်က တရားစွဲတဲ့အပြင် ဥပဒေ ဌာနကပါ ၆၆ (ဃ) ပုဒ်မ ပြောင်းပေးတယ်ဆိုတော့ ဘယ်လိုမှကို နား မလည်နိုင်ဘူး”ဟု ရဲတပ်ဖွဲ့ဖမ်းဆီးချိန်မတိုင်မီ မီဒီယာများကို ပြောဆိုခဲ့သည်။

စစ်ပွဲအလိုမရှိ ပြဇတ်ကို ကပြခဲ့သည့် ကျောင်းသား ၉ ဦးကိုလည်း အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး အောင်မျိုးခိုင်(စစ်ဦးပထမတန်း)မှ ဇာတ်ဝင်ခန်းတချို့မှာ တပ်မတော်၏ဂုဏ်သိက္ခာ ထိခိုက်စေ သည်ဟုဆိုကာ တရားလိုပြုလုပ်၍ ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ရက်နေ့က ပုသိမ်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့သည်။

ပုသိမ်ဟိုတယ်တွင် ကျောင်းသားများ ကပြခဲ့သည့် ပြဇာတ်မှာ စစ်ပွဲထောက်ခံသူများအား အောက်ဆီဂျင် အမည်ရှိ သတင်းဌာနမှ အင်တာဗျူးမေးမြန်းသည့်ပုံစံဖြင့် တင်ဆက်ကပြခဲ့ခြင်း ဖြစ်သည်။

ပုသိမ်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင် နေရသည့်ကျောင်းသား ၉ ဦးအနက် ၇ ဦးကို ပုသိမ်မြို့နယ် တရား သူကြီး ဦးဝင်းအောင်က တရားရှင် လွှတ်ပေးခဲ့ပြီး ပြဇာတ်ကမှုဦးဆောင်သူ ကိုအောင်ခန့်ဇော်နှင့် ကိုမြတ်သူ ထက်တို့ ၂ ဦးကိုသာ စွဲချက်တင်ခဲ့သဖြင့် အဆိုပါ ကျောင်းသား ၂ ဦးမှာ အမှု ဆက်လက်ရင်ဆိုင်နေဆဲ ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) မှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သောပုဒ်မဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း ကျည်ထောင်စု သစ္စာသရော်စာကို သတင်းစာတွင် ထည့်သွင်း ဖော်ပြခဲ့မှုဖြင့် The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ရေးသားသူ ဗြိတိသျှ ကိုကိုမောင်ကို ပုဒ်မ ၆၆(ဃ)ဖြင့် ဗဟန်းရဲစခန်းက ထိန်းသိမ်းခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading