သတင်း

ဟိုင်းကြီးကျွန်းအနီး ကျေးရွာများသို့ ကြွက်များ ဝင်ရောက်ဖျက်ဆီး

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့အနီး ကျေးရွာများသို့ ဇွန်လ ၄ ရက် မနက်ပိုင်းမှစတင်ပြီး တောတွင်းမှ ကြွက်ဝမ်းဖြူကောင်ရေ ၁ သောင်းနီးပါး ဝင်ရောက်လာပြီး ထိုဒေသရှိ သီးပင်စားပင်များနှင့် ဝါးပင်များကို ကိုက်ဖြတ် စားသောက်သည့်အတွက် ဒေသခံများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက သတ်ဖြတ်သုတ်သင်နေကြောင်း သိရသည်။

ဟိုင်းကြီးကျွန်း မြို့မရဲစခန်းမှူး ရဲအုပ်စိုးစိုးမင်းက “ကြွက်တွေဝင်လာတာ အများကြီးပဲ။ ခြံတွေထဲက ဝါးပင်တွေကို ဝင်စားတယ်။ ရွာအပြင်က ချုံတွေ၊ သစ်ပင်ပေါ်တွေမှာ ခိုနေကြတာတွေလည်း ရှိတယ်။ အကောင်ရေ အများကြီးပဲ။ မရေနိုင်ဘူး။ အခုတော့ ကြွက်တွေကို ဒေသခံတွေနဲ့ ပူးပေါင်းပြီး ဝိုင်းဝန်းသုတ်သင်နေတယ်။ သေတဲ့ကြွက်တွေကို မြေမြှုပ်ပစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ ကြွက်ဝမ်းဖြူများသည် ဟိုင်းကြီးကျွန်းမြို့၊ ဖောင်ဒိုးကျေးရွာအုပ်စု၊ ဟက်လက်ကျေးရွာနှင့် ဇီးချိုင်ကျေးရွာကြားရှိ ကျောက်ဆောင်၊ ကျောက်လှိုဏ်ဂူများအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ပင်လယ်ဒီရေ မြင့်တက်ချိန်နှင့် မိုးရွာသွန်းမှု တို့ကြောင့် ၎င်းတို့အသိုက်များ ပျက်စီးသွားသဖြင့် နီးစပ်ရာဒေသများသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဟိုင်းကြီးကျွန်းအနီးကျေးရွာများသို့ ဝင်ရောက်လာသည့် ကြွက်ဝမ်းဖြူများကိုသုတ်သင်ပြီး တွေ့ရပုံ
ဆလိုင်းသန့်စင်/ဧရာဝတီ

ဟိုင်းကြီးကျွန်းဒေသခံ ဦးအေးကျော်က “ ကြွက်တွေက ပင်လယ်ဒီရေတက်တာနဲ့ မိုးတွေရွာတာနဲ့ဆိုတော့ သူတို့အသိုက်တွေပျက်ကုန်လို့ လူတွေနေတဲ့နေရာဆီ ရောက်လာကြတာလို့ ထင်ပါတယ်။ ကျနော်တို့ ဒေသခံတွေ အယူအဆကတော့ အခုလို ကြွက်တွေအုပ်လိုက် ထွက်လာတယ်ဆိုရင် ဒါဟာရက်ပေါင်း ၂၀ အတွင်း ငလျင်လှုပ်နိုင်ဖွယ် ရှိတယ်။ မုန်တိုင်းဖြစ်နိုင်ဖွယ် ရှိတယ်လို့ ယုံကြည်ကြတယ်” ဟု ပြောသည်။

ကြွက်ဝမ်းဖြူများသည် ဟိုင်းကြီးကျွန်းမြို့အနီးရှိ ဇီးချိုင်အုပ်စု၊ ငွေတောင်ကျေးရွာနှင့် ကျောက်ချောင်းကျေးရွာများ အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး၊ ဒေသခံများနှင့် ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ စည်ပင်၊ အထွေထွေ အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်ပြီး ကြွက်ဝမ်းဖြူများကို ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြသည်။

ပူးပေါင်းနှိမ်နှင်းမှုကြောင့် ဇီးချိုင်ကျေးရွာတွင် ကြွက်အကောင်ရေ ၈၇၃ ကောင်နှင့် ကျောက်ချောင်းကျေးရွာတွင် ကြွက်ကောင်ရေ ၃၀၀ ကျော် သုတ်သင်မြေမြှုပ်နိုင်ခဲ့ပြီး၊ ကျန်ရှိနေသည့်ကြွက်များ တောတွင်းသို့ ပြန်လည် ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သုတ်သင်ရှင်းလင်းခဲ့သည့် ကြွက်အသေကောင်များအနက် ကြွက်ထီးအသေ ၁ ကောင်နှင့် ကြွက်မအသေ၂ ကောင်ကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဓာတုဗေဒရုံးသို့ ပိုဆောင်၍ စမ်းသပ်စစ်ဆေးနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading