သတင်း

ကချင်လူငယ် ၃ ဦးသတ်ဖြတ်မှုဖြင့် တပ်မတော်သား တချို့ကို ရဲက အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ မိုင်းခေါန် စစ်ရှောင် စခန်းမှ အသတ်ခံရသည့် လူငယ် ၃ ဦးအား သတ်ဖြတ် မှုဖြင့် တပ်မတော်သားအချို့ကို မန်စီမြို့နယ် ရဲစခန်း၌ ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လူသတ်မှုဖြင့် တရားစွဲခံထားရသူများသည် အစိုးရ တပ်မတော်၏ ခြေမြန်တပ်ရင်း ၃၁၉ မှ တပ်သားတချို့ဖြစ်ကြောင်း၊ မိခင် တပ်ရင်း၌ စစ်ဆေးပြီးပါက သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးမည်ဟု တပ်မတော်ဘက်က ပြောဆိုထား ကြောင်းလည်း မန်စီမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တချို့ က ဧရာဝတီ ကို ပြောသည်။

မန်စီမြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးအောင်ကျော်စိုးဝင်း က “လောလောဆယ်တော့ အမှုဖွင့်ထားတဲ့အဆင့်လောက်ပါပဲ၊ တပ် ဘက်က စစ်ဆေးနေတုန်းပါ၊ စစ်ဆေးပြီးရင်တော့ အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်၊ အဲဒီအခါမှပဲ တရားခံ လွှဲပြောင်း ပေး တာတို့ ဘာတို့ ဆက်လုပ်လို့ရမှာပါ” ဟု ဧရာဝတီ ကို ပြောသည်။

ခြေမြန်တပ်ရင်း ၃၁၉ မှ တပ်မတော်သားအချို့ကို အမှုဖွင့်ထားသော်လည်း ရာထူး၊ အသက်အရွယ်နှင့် အမှုဖွင့်ထားသည့် အရေအတွက်ကို အသေးစိတ် မသိရှိရသေးပါ။

အသတ်ခံရသူများသည် အသက် ၃၁ နှစ်အရွယ်ရှိ အင်ခွန်ဂမ်အောင်၊ အသက် ၂၇ နှစ်ရှိ လဗျနော်ခွန်နှင့် အသက် ၂၂ နှစ်ရှိ မရန်ဘရန်ဆိုင်းတို့ ဖြစ်သည်။ အသတ်ခံရသူများသည် ဒုက္ခသည်စခန်းတွင် နေထိုင်သူများ ဖြစ်ပြီး၊ မေလ ၂၅ ရက်နေ့က တောထဲသို့ ထင်း များ သယ်ယူရန် သွားစဉ် အသတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

အသတ်ခံရသူများ၏ ရုပ်အလောင်းများအား မေလ ၂၉ ရက်နေ့က သဂြိၤုလ်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင်လည်း ၎င်းတို့ နေထိုင်ခဲ့သည့် စခန်းတွင် ဆုတောင်းပွဲ ပြုလုပ်ပေးသွားမည်ဟု မိုင်းခေါန် စစ်ရှောင် စခန်းမှ တာဝန်ရှိသူ ဦးနော်မိုင် က ဧရာဝတီ ကို ပြောသည်။

၎င်းက “တပ်ဘက်ကတော့ မိသားစုတွေကို ဘာမှ လာရောက်ပြောဆိုတာတွေ မရှိပါဘူး၊ မိသားစုတွေအားလုံးကလည်း စခန်းထဲမှာပဲ ရှိနေပါတယ်၊ ဆုတောင်းပွဲ လုပ်ပေးဖို့ ပြင်ဆင်နေကြပါတယ်” ဟု ဆိုသည်။

အသတ်ခံရသူ ကချင်လူငယ်များသည် တောထဲသို့ သွားစဉ် အစိုးရ တပ်မတော်၏ ခြေမြန် တပ်ရင်း ၃၁၉ စစ်ကြောင်းနှင့် တွေ့ဆုံမိရာမှ ဖမ်းဆီးခံခဲ့ရပြီးနောက် ရက် အနည်းငယ် အကြာတွင် ၎င်းတို့၏ မြေမြှုပ်ထားသည့် ရုပ်အလောင်းများကို စခန်းတာဝန်ခံများနှင့်စခန်းထဲမှ အသိမိတ်ဆွေ များက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုလူသတ်မှုနှင့်ပတ်သက်၍ တပ်မတော်သားများက သတ်သည်ဟု အစောပိုင်းတွင် တရားဝင် မပြောခဲ့သော်လည်း နောက်ပိုင်းတွင် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ လူသတ်မှု ကျူးလွန်ရာတွင် ပါဝင်သည်ဟု ယူဆရ သူများအား ခမရ ၃၁၉ ၏ စစ်ဆေးရေး စခန်းတွင် ယခုအခါ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အသတ်ခံရသူများသည် မိုင်းခေါန် စခန်းတွင် မိသားစုဝင်များနှင့်အတူနေထိုင်ခြင်းဖြစ်ပြီး၊ သေဆုံးသူ ၃ ဦးအနက် ၂ ဦး သည် အိမ်ထောင်ရှင်များဖြစ်ကာ လူမမယ် ကလေးငယ်တချို့ ကျန်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading